မဲခေါင်၊ မတ် ၁၂
ဒုတိယအကြိမ်မြောက် သမ္မတဖြစ်လာပြီးနောက် တရုတ်ကို သွင်းကုန်အခွန်စည်းကြပ်မှု ၂ ဆ တိုးပြီး ကုန်သွယ်ရေးစစ်ပွဲခေါ်သံပေးခဲ့မှုကြောင့် နှစ်ဖက် အတင်းမာဆုံးအချိန်ရောက်နေသော်လည်း ဒေါ်နယ်ထရမ့်သည် လာမည့် ဧပြီလအတွင်း တရုတ်သို့သွားကာ တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု သံတမန်အသိုင်းအဝိုင်းများစွာက ဖော်ပြနေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကပင် တရုတ်ကိုယ်စားလှယ်များသည် ဝါရှင်တန်သို့ ရောက်လာခဲ့ကြပြီး ထရမ့်၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် နှစ်နိုင်ငံကြားတင်းမာမှုများ လျှော့ချရေး၊ စစ်ရေးနယ်ပယ် ပဋိပက္ခများ လျှော့ချရေးအတွက် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံဆွေးနွေးရန် ကနဦး ကမ်းလှမ်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်၏ မူဝါဒအရ ထရမ့်ဆီသို့ ဦးစွာသွားရောက်ပြီး ရှီကျင်းဖျင်ဘက်မှ တွေ့ဆုံရန်မှာ မဖြစ်နိုင်သောကြောင့် ထရမ့်သာ ပေကျင်းသို့ ဧပြီလ သို့မဟုတ် အနောက်ကျဆုံး မေလဆန်းပိုင်းတွင် သွားရောက်ကာ ရှီကျင်းဖျင်နှင့် ဆွေးနွေးပြီးမှ ရီကျင်းဖျင်က ဝါရှင်တန်သို့ ပြန်လာဆွေးနွေးဖွယ်ရှိသည်ဟု ယုံကြည်ရသော သံတမန်အသိုင်းအဝိုင်း အတွင်းလူများက ဆိုသည်။
ပြီးခဲ့သည့် တစ်ပတ်ကပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မည်သည့်နိုင်ငံမျှ တရုတ်နိုင်ငံအထက်တွင်ထားရှိပြီး ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်မှုအတွက် အကျပ်ကိုင်ဖိနှိပ်မှုမျိုး လုပ်မရ၊ မည်သည့် အသွင်သဏ္ဍာန်မျိုးဆောင်သော စစ်ပွဲ (ကုန်သွယ်ရေး၊ အခွန်၊ လက်နက်ကိုင်စစ်) မှန်သမျှအတွက် တုံ့ပြန်ရန်အသင့်ဟု ပြတ်သားစွာ သတိပေးပြောကြားခဲ့သည်။
ထိုအခြေအနေတွင် တရုတ်ဘက်မှလည်း အမေရိကန်မှ တင်ပို့မည့် သတ်မှတ်ကုန်စည်များအတွက် အခွန်စည်းကြပ်မှု ပြန်မြှင့်တင်ခြင်း၊ အမေရိကန် ကုမ္ပဏီများကို သွင်းကုန်ပိတ်ပင်ခြင်းများ ပြန်လုပ်ဆောင်ခဲ့ရာ ယခင်ကတည်းက ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးအတွက် တင်းမားပြီးသား နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲအသွင်ဖြင့် အမြင့်ဆုံး တင်းမာမှု အခြေအနေသို့ ဆိုက်ရောက်နေစေခဲ့ပြီဖြစ်သည်။
ဂျိုးဘိုင်ဒန် သမ္မတရာထူး ရယူထားချိန် တရုတ်သို့ တစ်ကြိမ်မျှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဘဲ ထရမ့်မှာမူ ပထမ သမ္မတရာထူးရရှိခဲ့ချိန် ၂၀၁၇ နိုဝင်ဘာလက တရုတ်နိုင်ငံသို့သွားရောက်ကာ ရှီကျင်းဖျင်နှင့် တွေ့ဆုံခဲ့ဖူးသလို ယခုလည်း မိမိသည် ပြဿနာများကို ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းသူဖြစ်သောကြောင့် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကောင်းမွန်ခဲ့သော ရှီကျင်ဖျင်နှင့် ဝါရှင်တန်တွင် တွေ့ဆုံလိုကြောင်း ပြောဆိုခဲ့သည်။
Ref:SCMP
သန့်
#MeKongNews
#တရုတ်
#ရှီကျင်းဖျင်
#ထရမ့်
#ကုန်သွယ်ရေးစစ်ပွဲ








