မဲခေါင်၊ မတ် ၁၁
မိုင်းဆတ်မြို့နယ်အတွင်းမှ သစ်ခိုးထုတ်ပြီး တရုတ်နိုင်ငံဘက်သို့တင်ပို့ခြင်းကို မိုင်းဆတ်မြို့ရှိ ဇိဟုန်ဟိုတယ်ပိုင်ရှင် ဦးရှီးမွန်လေးက အဓိကဦးစီးလုပ်ကိုင်နေပြီး တရားမဝင်ဝင်ရောက်လာသည့် တရုတ်လူမျိုးများနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်အတွင်းမှ ကျွန်းသစ်နှင့် ပိတောက်တို့ကို ခိုးထုတ်နေခြင်းဖြစ်ပြီး နမ့်စင်ချောင်းမှတဆင့် သယ်ယူနေကြောင်း၊ ယင်းမှတစ်ဆင့် ရှမ်းအရှေ့မြို့နယ်များကို ဖြတ်ပြီး တရုတ်ပြည်သို့ တင်ပို့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကျွန်းသစ်ရယ်၊ ပိတောက်ရယ် ခိုးထုတ်နေတာပါ။ သစ်ထုတ်တဲ့နေရာမှာ ခလရ – ၂၇၈ တပ်က စခန်းထိုင်ကျပြီး လစဥ်သိန်းရာနဲ့ချီပေးနေရတာပါ။ နမ့်စင်ချောင်းဘက်ဆိုရင် ဘယ်သူမှ သွားလို့မရပါဘူး။ သွားရင်လည်း ခလရ – ၂၇၈တပ်က ပေးမသွားခိုင်းပါဘူး။ ဦးရှီးမွန်လေးလူကလွဲရင်ပေါ့။ သစ်ခိုးထုတ်တာတင်မကပါဘူး၊ တရားမဝင်သတ္ထုလည်းခိုးလုပ်နေတာပါ။ ဌာနဆိုင်ရာအသီးသီးကသိပါတယ်” ဟု ၎င်းက ပြောသည်။
သစ်ခိုးထုတ်မှုများကို မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနက သိရှိသော်လည်း တောအုပ်ဦးဝင်းမြင့်နိုင်က လာဘ်စားကာ လွှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးဝင်းမြင့်နိုင်မှာ မိုင်းဆတ်မြို့နယ်အတွင်း တောအုပ်ရာထူးဖြင့်လုပ်ကိုင်သော်လည်း ဟိုတယ်နှင့် KTV ဖွင့်လှစ်ထားသလို နေအိမ်များလည်း အများအပြားဝယ်ယူထားသူဖြစ်ကြောင်း သစ်တောအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဇိဟုန်ဟိုတယ်ပိုင်ရှင် ဦးရှီးမွန်လေးဆိုသူမှာ ဌာနဆိုင်ရာများ၊ ဒေသတွင်းစစ်တပ်များနှင့် အဆင်ပြေသူဖြစ်ပြီး ၎င်း၏ ရေသန့်ပို့သည့်ကားက ခလရ – ၂၇၈ စစ်သားတစ်ဦးကို တိုက်မိပြီး သေဆုံးသွားသည့်အမှုတွင် ထောင်မကျဘဲ ပြန်လွတ်လာကြောင်း၊ ၎င်း၏ အလုပ်သမားတစ်ဦးကို စိတ်ကြွဆေးပြား ၂ထောင်ဖြင့် ဖမ်းမိသော်လည်း မူးယစ်ဆေးဝါးအတုဖြစ်အောင် အမှုကို ငွေပေးလုပ်ဆောင်ပြီး ပြန်လွတ်လာကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းမှ ထွက်သည့် တရားမဝင်သစ်များကို တာချီလိတ်လမ်းကြောင်းနှင့် ကျိုင်းတုံလမ်းကြောင်းတို့မှ တဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ပြီး တာချီလိတ်ဘက်မှ လမ်းကြောင်းမှာ ပြည်သူ့စစ်နှင့် “ဝ”တပ်ဖွဲ့တို့က ထိန်းချုပ်ထားပြီး ကျိုင်းတုံလမ်းကြောင်းကိုမူ စစ်ကောင်စီအာဏာပိုင်များက ချုပ်ကိုင်ထားကြောင်း သိရသည်။
ဇော်မြင့်
#MeKongNews
#မိုင်းဆတ်
#သစ်ခိုးထုတ်
#ဦးရှီးမွန်လေး
#ခလရ၂၇၈








