မဲခေါင်၊ မတ် ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့ ပေါ်ရပ်ကွက်များတွင် နွေဦးအစတွင်ပင် ရေရှားပါးမှု ကြုံတွေ့နေရကြောင်း မြို့နေလူထုထံမှ သိရသည်။
ယခင်က နွေရာသီတွင် အထိုက်အလျောက်ရေရှားပါးမှု ရှိခဲ့သော်လည်း ယခုနွေဦးအစတွင်ပင် ရေရှားပါးမှုကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ ယခင်ဂျပန်နိုင်ငံမှ လှူထားသည့် ရေမလာတော့သည့်အတွက်လည်း ရေရှားပါးမှုကို ပိုမိုဆိုးရွားစေကြောင်း ဆီဆိုင် မြကန်သာရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို မတ်လ၉ရက်တွင် ပြောသည်။
“အရင်က ဒီလောက်ရေမဝယ်သုံးရဘူး။ ခုက ရေကားတစ်စီး ၁၅၀၀၀၊ ၂၀၀၀၀။ ပူရတဲ့အပြင် ရေချွေတာနေရတာ၊ ဒီထက်ရာသီပြင်းလာရင် ပိုဆိုးမယ်”ဟု ဆီဆိုင် ၎င်းကပြောသည်။
ဆီဆိုင်မြို့ ပေါ်ရှိ ဟိုခဲ၊ မြကန်သာ၊ အောင်ချမ်းသာ၊ သီရိ၊ မင်္ဂလာ၊ အောင်သပြေရပ်ကွက်များအနက် ရေအဓိကရှားပါးသည့်ရပ်ကွက်များမှာ ဟိုခဲ၊ မြကန်သာ၊ အောင်ချမ်းသာရပ်ကွက်များဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဂျပန်ရေမလာသလို ချောင်းတွေလည်း ချောက်လာလို့ ရေရှားပါးတာက ဒီနှစ်အတွက် အဓိက ပြဿနာဖြစ်လာနေပြီ။ အပူရှပ်တာ၊ ယားနာဖြစ်တာ၊ မျက်စိရောဂါတွေ ဖြစ်လာနေပြီ”ဟု အောင်ချမ်းသာရပ်နေသူတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့၊ ဇဝနရာမစာသင်တိုက်ကြီးမှ ဦးဇင်းများက မြို့အမြင့်ပိုင်းနေ ဂျပန်ရေအသုံးပြု သုံးစွဲနေကြသူများ ရေအဆင်ပြေစေရန် ဒီဇယ်မီးစက်ဖြင့် ရေတင်ခြင်း စမ်းသပ်လည်ပတ်နေပြီ ဖြစ်သော်လည်း မီးစက်ကောင်းရန် လိုအပ်သလို လစဉ်လည်း ဒီဇယ် ၈ ပေပါခန့်ကုန်ကျနိုင်ကြောင်း သိရသည်။
ယခင်ကဂျပန်မှအလှူရှင်များ ကူညီထားသည့် ရေပေးဝေရေးစနစ်ဖြင့် ရပ်တည်နိုင်ကြသော်လည်း လက်ရှိတွင် ရေနည်းပါးလာခြင်း၊ လျှပ်စစ်မီးမမှန်ခြင်းတို့ကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ထံ ရေမရောက်တော့ခြင်းဖြစ်ကြောင်း ဇဝနရာမ စာသင်တိုက်မှ ဦးဇင်းတစ်ပါးက မိန့်သည်။
“စတာတော့ မကြာသေးဘူး။ မနေ့က မီးစက်ဖောက်တော့ ရေတင်ရခက်တယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်က ဂျပန်အလှူရှင်တွေကကျောင်းနားက ရေထွက်ကနေ ရေယူနိုင်ဖို့ လှူထားတာ၊ ခုက မီးကမမှန်၊ ရေမယူနိုင်၊ ရေကနည်းလာတာ၊ အမြင့်ပိုင်းရပ်ကွက်တွေနဲ့ အပေါ်၃ရွာက လျှပ်စစ်နဲ့မောင်းတင်မှ ရေရောက်တာ”ဟု ယင်းဦးဇင်းက မိန့်သည်။
ဆီဆိုင်မြို့ပေါ်သာမက တောင်ရှေ့အုပ်စု၊ နောင်ကျောအုပ်စုများတွင်ပါ ရေရှားပါးမှု ယခင်နှစ်ထက် အချိန်စော၍ ကြုံတွေ့နေရကြောင်း သိရသည်။
ယင်းအုပ်စုများ နှစ်စဥ်ကြုံတွေ့နေရသည့် ရေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် ဇဝနရာမစာသင်တိုက်ကြီးမှဦးဇင်းများက ယမန်နှစ်က စတင်ပြုလုပ်နေသည့် ပွန်ချောင်းအရှေ့ဘက်၈ မိုင်အကွာခန့်မှာ သောင်းဖြီ့နာရွာသို့ ရေရောက်ရှိရန် ပိုက်ဆက်ခြင်းလုပ်ငန်းကို ပြန်လည်စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ဆီဆိုင်မြို့
#ရေရှားပါး
#နွေရာသီ
#ဇဝနာရာမ








