မဲခေါင်၊ မတ် ၉
ဂျိုးဖာရာရီဟု လူသိများသော ထိုင်းရဲမှူးကြီးဟောင်း သီတီဆန်အက်သနာပွန်သည် မတ် ၇ ရက် ညပိုင်း၌ အကျဉ်းထောင်အခန်းထဲ မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ပြီဖြစ်သည်။
ထိုင်းအကျဉ်းဦးစီးဌာနက မတ် ၈ ရက် နံနက်တွင် ခါလောင်ပရမ် ဗဟိုအကျဉ်းထောင်ထဲ အကျဉ်းသားတစ်ဦး ည ၈ နာရီ ၅၀ မိနစ်တွင် သေဆုံးကြောင်း အတည်ပြုထုတ်ပြန်ခဲ့ကာ တစ်သက်တစ်ကျွန်း အကျဉ်းချခံနေရပြီး ခုမှ ထောင်ဒဏ် ၃ နှစ်၊ ၆ လနင့် ၁၃ ရက်သာ ကျခံရသေးသည့် ရဲမှူးကြီးဟောင်း သီတီဆန်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။
အသက် ၃၁ နှစ်ရှိပြီဖြစ်သော သီတီဆန်နှင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးသည် ၂၀၂၁ ခုနှစ် ဩဂုတ် ၅ ရက်က နာခွန်းဆာဝမ် ရဲစခန်း၌ မူးယစ်သံသယတရားခံခေါင်းကို ပလတ်စတစ်အိပ်အနက်ရောင်စွပ်ကာ နှိပ်စက်ရင်းမှ အသက်ရှူကြပ် သေဆုံးသွားခဲ့ရသဖြင့် ပြစ်ဒဏ်များအသီးသီးခံခဲ့ရပြီး သီတီဆန်သည် ကနဦသေဒဏ် ပေးခံရကာ နောက်ပိုင်း ပြစ်ဒဏ်များ ဝန်ခံခြင်း၊ သေဆုံးသူ မိသားစုအပေါ် ထောက်ပံ့မှုများ လုပ်ဆောင်ပေးမည်ဆိုခြင်းကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ချပေးခံခဲ့ရသူဖြစ်သည်။
ဇိမ်ခံကားများ ထည်လဲ စီးသဖြင့် ဂျိုးဖာရာရီဟု ဒုစရိုက်လောကသားများ နာမည်ပေးထားသည့် သီတီဆန်သည် ထောင်တွင်းသို့ အကျဉ်းအဖြစ် ပြန်လည်ရောက်ရှိပြီး နောက် အခြားအကျဉ်းသားများ၏ နှိပ်စက်ရန်ပြုခံရမည့်အရေးကို အကြောက်လွန်ခြင်း၊ စိုးရိမ်သောက ဗျာပါဒ များလွန်းသည့် စိတ်ရောဂါအခြေအနေများ ခံစားနေရကာ ဆက်တိုက် ဆေးဝါးသုံးစွဲနေရပြီး ဆရာဝန်နှင့် တိုင်ပင် နေထိုင်ရသူဖြစ်သည်။
သီတီဆန် သေဆုံးပြီးနောက် ထောင်တွင်းသို့ ထိုင်းတရားရေးဝန်ကြီးဌာန အကြီးအကဲ ရဲမှူးချုပ် တာဝီဆော့ဒ်ဆန် ကိုယ်တိုင် မတ် ၈ ရက်မနက်တွင် ထောင်ထဲသို့ လာရောက်ပြီး မိသားစုဝင်များကို ထပ်တူ စိတ်မကောင်းကြောင်း ထုတ်ပြန်သွားခဲ့သည်။
သန့်
Ref:Bangkokpost
#MeKongNews
#ဂျိုးဖာရာရီ
#သီတီဆန်
#သေဒဏ်
#ထိုင်းနိုင်ငံ








