မဲခေါင်၊ မတ် ၁
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား ရှမ်းပြည်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တအာင်းတပ် စစ်ဦးစီးချုပ်က ပြောကြားသည်။
တအာင်းတပ် (TNLA) စစ်ဦးစီးချုပ်က ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့ တွင် မနေ့ (ဖေဖော်ဝါရီ ၂၈) ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
KIA နှင့် TNLA မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုရန်နှင့် မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့် အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှူကာ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများအား ညှိနှိုင်းဖြေရှင်းရမည်ဟု TNLA စစ်ဦးစီးချုပ်က ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်) ကျေးရွာအုပ်စု၊ မန်မောက်ရွာရှိ KIA တပ်မဟာ (၄)၊ တပ်ရင်း (၃၄) ၏ တပ်စခန်းကို နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာဘက်မှရောက်ရှိလာသော TNLA တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ကာရိုက်နှက်မှုတချို့ဖြစ်ပွားပြီး KIA တပ်ဖွဲ့ဝင်များဒဏ်ရာရရှိခဲ့သည်။
၎င်းကိစ္စကြောင့် KIA တပ်ဖွဲ့ဝင် ၁၁ ဦး ခန့်ဒဏ်ရာရရှိခဲ့ပြီး မန်တုံဆေးရုံတွင်ဆေးကုသနေရကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။
ဖေဖော်ဝါရီလ ၂၃ နှင့် ၂၅ ရက်များတွင်လည်း မန်တုံမြို့တွင် KIA တပ်ဖွဲ့ဝင်များနှင့် TNLA တပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားမှုများရှိခဲ့သည်။
TNLA တပ်ဖွဲ့ဝင်တဦးမှ ”ဘာအကျိုးမှမရှိဘဲ ဝါးတားဂိတ်ဖွင့်ပြီး အခွန်ကောက်နေတဲ့သူကို ဒီတိုင်းထားရင် မကောင်းဘူးလေ ဖမ်းသွားတာလဲမဟုတ်ဘူး ကချင်ပြည်နယ်ဘက်ကို ကားခမကုန်ဘဲ ပို့ပေးလိုက်ရုံပါ” ဟု မဲခေါင်သတင်းဌာနကို ပြောသည်။
မြေပြင်တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှု ၂ လအတွင်း ၆ ကြိမ်ခန့်ရှိခဲ့ပြီး နှစ်ဖက်တပ်ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းထားဆဲ ဖြစ်သည်။
ဂနိုက်
#MeKongNews
#ရှမ်းမြောက်
#တအာင်းတပ်
#ကချင်တပ်
#ထိန်းသိမ်း
#နယ်မြေ
#ပဋိပက္ခ








