ကော့သောင်းသို့ ပြောင်းရွှေ့မိန့်ကျသည့် ကလောခရိုင်ရဲမှူး နှုတ်ဆက်ပွဲအတွက် တရားမဝင်လုပ်ငန်းအားလုံးထံမှ ငွေတောင်းနေ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ပြောင်းရွှေ့မိန့်ကျသည့် ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်ရဲမှူး နှုတ်ဆက်ပွဲ ခေါင်းစဉ်ဖြင့် တရားမဝင်လုပ်ငန်းများဖြစ်သည့် နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်များ၊ လိုင်စင်မဲ့ကားများ အပြင် KTV ၊ မာဆတ် လုပ်ငန်းများထံမှ ငွေတောင်းယူနေသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိ ကလောခရိုင်ရဲမှူးသည် ယခု လကုန်တွင် ကော့သောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။ ထိုသူအား နှုတ်ဆက်ရန်အတွက် နှစ်လုံး၊ သုံးလုံး လောင်းကစား ဒိုင်တစ်ဒိုင်လျင် ကျပ်ငါးသောင်းစီ၊ KTV လုပ်ငန်းမှ သိန်းရာချီ နှင့်အခြား ပတ်သက်ရာပတ်သက်ကြောင်း လုပ်ငန်းရှင်များထံမှလည်း ငွေကြေးများလိုက်လံတောင်းခံနေသည်ဟု သိရသည်။
ငွေလိုက်လံတောင်းခံခြင်းကို ကလောခရိုင်ရဲမှူး၏ တပည့်များဖြစ်သည့် ရဲအုပ်စိုင်းစိုးသန်း၊ ရဲအရာခံနိုင်ဝင်းနှင့် ရဲတပ်သား အောင်တင်(ခ) ရှမ်းကြီးတို့က လုပ်ဆောင်နေခြင်းဖြစ်ပြီး ယမန်နေ့က အောင်ပန်းရှိ KTV လုပ်ငန်း ၁၄ ခုမှ တစ်ခုလျင် ငွေသိန်းချီတောင်းယူသွားကြောင်း သိရသည်။
“ ဝစ်သောက်(လိုင်စင်မဲ့)ကားတွေဆီကလည်း ငွေတောင်းတယ်၊ မပေးတဲ့ငါးစီးတော့ ဖမ်းတယ်၊ ငွေပေးတဲ့ကားတော့ လွှတ်တယ်” ဟု ကလော ဒေသခံ တစ်ဦးက ပြောသည်။.
နယ်မြေကျင်လည်သော ထိုရဲဝန်ထမ်းသုံးဦးသည် ကလောခရိုင်အတွင်း ငွေပေးနိုင်သည့် ခိုးဆိုးလုနှိုက်များအပြင် မည်သည့်အလုပ်မဆို ငွေပေးနိုင်လျှင် လုပ်ကိုင်ခွင့်ပြုထားသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံတွင်း၌ ကျော်ကြားနေသည်။
ကလောခရိုင်အတွင်း ခိုးဆိုးလုနှိုက်များ အထူးသဖြင့် ဆိုင်ကယ် ခိုးယူခံရမှုသည် တစ်ရက်လျင် အနည်းဆုံး တစ်စီးမျှပျောက်ဆုံးနေသော်လည်း အမှုမှန်ပေါ်ပေါက်မှု မရှိသလောက်ဖြစ်နေသဖြင့် ပြည်သူအများ လုံခြုံမှုမရှိ ဖြစ်နေသည်။
မဟာ
#MeKongNews








