မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၂
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး ကျေးရွာ တောင်ဘက်၊ ရေကန်ရွာအနီးရှိ ပြောင်းစိုက်ခင်း ဧက ၂၀၀၀ ဝန်းကျင်နှင့် နေအိမ်အချို့ကို စစ်ကောင်စီက ယခုလ ၂၀ ရက်၊ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံကပြောသည်။
ပြောင်းစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ် ကျပ် လေးသိန်းဝန်းကျင်ရှိပြီး တစ်ဧကလျှင် ပြောင်းဆံထွက်နှုန်း ဖျမ်းမျှပိဿာ ၁၂၀ ခန့်သည်။ ပြောင်းဆံ တစ်ပိဿာကို လက်ရှိကာလ ဒေသပေါက်ဈေး ကျပ် ၆၀၀ ခန့်ရှိသည်ဖြစ်၍ တစ်ဧကအတွက်အမြတ် ကျပ်လေးသိန်းဝန်းကျင်နှင့် ကုန်ကျစရိတ်ပါ ပြောင်းစိုက်တောင်သူများဆုံးရှုံးနစ်နာ ကြသည်။
“ပြီးခဲ့တဲ့ မိုးတွင်းကတည်းက စိုက်ထားတာ၊ ပြောင်းခင်းက မချိုးရသေးဘူး၊ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်တော့ ပြေးရတာပေါ့နော်၊ ပြန်လို့မရတဲ့အခြေအနေမှာလည်းရှိနေတော့ ဒီတိုင်းထားထားရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လင်ဖုံလေးကျေးရွာထဲမှ နေအိမ် ၄၀ ကျော်ကိုလည်း ယမန်နှစ်တွင် စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့သည်။
မိုးဗြဲ-လွိုင်ကော် ပြည်ထောင်စု လမ်းမတလျှောက်ကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရေးလုပ်ဆောင်ရာတွင် ကျည်ကွယ် မျက်ကွယ်သဖွယ်ဖြစ်နေသည့် နေအိမ်များ၊ ပြောင်းစိုက်ခင်းများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
လက်ရှိတွင် မိုးဗြဲမြို့အနီးတဝိုက်၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီမှ မိုးဗြဲမြို့အနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ မီးလောင်ဗုံးဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်။
မြူနှင်း
#MeKongNews
#လွိုင်ကော်မြို့နယ်
#ရေကန်ရွာအနီး
#ပြောင်းခင်း
#စစ်ကောင်စီမီးရှို့








