ကန်ချနဘူရီခရိုင်ထဲ ခိုးဝင်လာသည့် မြန်မာ ၁၁၆ ဦး ဖမ်းဆီးခံရပြန်
မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက် ကန်ချနဘူရီခရိုင်၊ ဆန်ခလာဘူရီအရပ်၌ အမျိုးသမီး ၄၄ ယောက်၊ ကလေးငယ် ၂ ယောက်အပါ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၁၆ ယောက်ကို ဖေဖော်ဝါရီ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၅နာရီခွဲတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
တရားမဝင် ဝင်ရောက်လာသူများအနက် ထိုင်းစကားတတ်သူများလည်း အနည်းငယ်ပါဝင်ရာ စစ်မှုထမ်းရမည် ကို စိုးရိမ်ခြင်းနှင့် စစ်ဘေးရှောင်များအဖြစ် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာရခြင်းဖြစ်သည်ဟု ရှင်းပြကြကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါ ၁၁၆ ယောက်သည် လူမှောင်ခိုပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပေးခဲ့ရပြီး ဘန်ကောက် သို့မဟုတ် အနီးအနားခရိုင်များသို့ ပို့ဆောင်ပေးမည်ဟု ကတိပြုခဲ့ပါလျှက် နယ်စပ်အဝင်မှာပင် စွန့်ပစ်သွားခြင်းဖြစ်ကြောင်း၊ တချို့ကိုဆိုလျှင် မလေးရှားအထိပို့ပေးမည်ဟု ကတိပေးကာ လိမ်လည်သွားခြင်း ဖြစ်သည်ဟု သိရှိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews









