မဲခေါင်၊ ဖေဖော်ဝါရီ ၉
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကျွဲတပ်ကျေးရွာအနီး၌ တောင်ကြီးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်မှ ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများဖမ်းဆီးရမိကြောင်းစစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်းနှင်းရေးရဲတပ်ဖွဲ့ထုတ်ပြန်သည်။
ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား သုံးသောင်းကို သယ်ဆောင်လာသူ ဒေါ်လှလှရီကို သက်သေခံ ဖုန်း နှစ်လုံးနှင့်တကွ ဖမ်းဆီးရမိသည်။
ကွင်းဆက်ကို လိုက်လံဖော်ထုတ်စစ်ဆေးရာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီဝန်းကျင်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ရာ၌ ပါဝင်ခဲ့သူ ဒေါ်ဟန်နီထွန်း(ခ) မကရင်မကို ရေတာရှည်မြို့နယ်၊ သာဂရ၊ ဆင်စုရပ်၊ သစ်စက်လမ်းရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိထားသည့် ဒေါ်လှလှရီနှင့် ဒေါ်ဟန်နီထွန်းကို သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးဆိုင်ရာဥပဒေများဖြင့် အမှုဖွင့်အရေးထားပြီး ကျန်ရှိနေသေးသည့် ကွင်းဆက်များကိုလည်း စုံစမ်းဖော်ထုတ်နေသည်ဟု သိရသည်။
သုဝဏ္ဏခွန်
#MeKongNews
#တောင်ကြီး
#ကျွဲတပ်ဆုံ
#မူးယစ်ဆေး
#ကျပ်သိန်း၄၅၀








