မဲခေါင်၊ ဖေဖော်ဝါရီ ၅
ထိုင်းနိုင်ငံဘက်က ဖြတ်တောက်လိုက်တာကြောင့် နံနက်ပိုင်းမှစတင်ကာ ပျက်သွားသည့် လျှပ်စစ်မီး ဖေဖော်ဝါရီလ ၅ရက် ညနေပိုင်း၌ တာချီလိတ်မြို့နေရာအများစုတွင် ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ညနေ ၅နာရီခန့်၌ စတင်ကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း (ခ)၊ မယ်ခေါင် ရပ်ကွက်များတွင် လျှပ်စစ်မီးပြန်လည်ရရှိနေပြီး နေရာအချို့တွင်မူ မီးမလာသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက မဲခေါင်ကို ပြောသည်။
“ရပ်ကွက်တော်တော်များများလာနေပြီ။ မလာသေးတာက ဆန်းဆိုင်း (က)ရယ်၊ မယ်ခေါင်တချို့နေရာရယ်၊ မေဖလားဝါးကွင်းရယ် မလာသေးဘူး” ဟု ၎င်းကပြောသည်။
မြို့နေပြည်သူများ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် မီးလင်းရေးကော်မတီက တစ်နေလုံးနီးပါး လျှပ်စစ်မီးသွယ်တန်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ထိုင်းဘက်အခြမ်းမှ မီးပေးနေသည့် ရပ်ကွက်များအား လာအိုနိုင်ငံဘက်မှ ယူထားသည့် မဂ္ဂါဝပ် ၃၀ ဓာတ်အားခွဲရုံသို့ ပြောင်းလဲ ချိတ်ဆက်ခဲ့ကြောင်း၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ နေရာအချို့၊ မြို့ရှောင်လမ်းဘေးနေအိမ်များ၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိနေရာအချို့နှင့် ရီဂျီးနားဟိုတယ်အနီးတဝိုက်နေရာအချို့သာ ကျန်တော့ကြောင်း မီးလင်းရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဖရီဒါ-၁ဘက်ကတော့ ရာနှုန်းပြည့်ပြန်ရပြီ။ ဖရီဒါ ၂ ဘက်ကတော့ နည်းနည်းကျန်သေးတယ်။ လာအိုက မီးယူတဲ့ ခွဲအားရုံရဲ့ ခံနိုင်ဝန်ကို စောင့်ကြည့်နေတယ်” ဟု၎င်းက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ထိုင်းနိုင်ငံဘက်မှ ရောင်းချသည့် လျှပ်စစ်မီးနှင့် လောင်စာဆီများကို ဖြတ်တောက်ရန် ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ ၄ရက်၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဘုရားသုံးဆူ၊ တာချီလိတ်နှင့် မြဝတီ နယ်စပ်နေရာများပါဝင်မည်ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ဇော်မြင့်
#MeKongNews
#တာချီလိတ်
#လျှပ်စစ်မီး
#ထိုင်းနိုင်ငံ
#ကျားဖြန့်








