မဲခေါင်၊ ဖေဖော်ဝါရီ ၃
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ တန့်ယန်းမြို့သို့ စစ်ရှောင်နေရင်း သက်စမ်းရေဘော်ဒါ၌ အပ်နှံထားသည့် ကလေးငယ် သုံးဦး ပျောက်ဆုံးနေပြီး ယနေ့ ၅ ရက်ကြာသည့်အထိ ရှာမတွေ့သေးကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်က တန့်ယန့်မြို့၌ ကျင်းပနေသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို သွားရောက်လည်ပတ်ရင်း စတင်ပျောက်ဆုံးခဲ့ကြောင်း သက်စမ်းရေမိဘမဲ့ကလေးစောင့်ရှောက်ရေး ဘော်ဒါက အသိပေးထားသည်။
သို့ပေမယ့် ကလေးများ ဘော်ဒါကထွက်ခွာသွားခြင်းဖြစ်ကြောင်း ပျောက်ဆုံးကလေးများ၏ မိခင်ဖြစ်သူက ပြောသည်။
“ကျွန်မတို့သိတာတော့ ကလေးတွေက ထွက်သွားတာ၊ ပွဲဈေးသွားရင်း မျက်စိလည်လမ်းမှားတာ မဟုတ်ဘူး၊ ဒီနေ့လားရှိုးမြို့ကို ပြန်ဖို့လုပ်နေကြတာ၊ ကလေးတွေက အခုလို ပျောက်သွားတော့ မပြန်ဖြစ်တော့ဘူး၊ အားလုံး ဝိုင်းကူရှာနေကြတာပေါ့နော်” ဟု ကလေးမိခင်က ပြောသည်။
သက်စမ်းရေ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဘော်ဒါသည် မိဘမဲ့ကလေးများနှင့် စစ်ရှောင်ကလေးများကို ကျွေးမွေးစောင့်ရှောက်ထားပြီး လားရှိုးမြို့မှ စစ်ရှောင်ရင်း တန့်ယန်မြို့၌ပြန်လည်ဖွင့်လှစ်ထားသည့် ခရစ်ယာန်ကလေးစောင့်ရှောက်ရေး ဘော်ဒါတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုပျောက်ဆုံးနေသည့် ကလေး သုံးဦး အနက် အကြီးဆုံးကလေးမှာ အသက် ၁၀ နှစ်ရှိပြီး မိဘနှစ်ဦးလုံးရှိကာ အသက် ၈ နှစ်နှင့် အသက် ၇ နှစ်ဝန်းကျင် ကလေးနှစ်ဦးအနက် တစ်ဦးကသာ မိဘရှိနေသော်လည်း လာရောက်ခြင်းမရှိဟု ဒေသခံတစ်ဦးက ပြောသည်။
“ပျောက်ပျောက်ချင်းမှာ ဂေဟာမှူးဆရာမက ချက်ချင်းမရှာဘူး၊ ကျွန်မတို့ အရမ်းစိတ်ပူတယ်၊ ကလေးအဖေ၊ အမေတွေ(အကြီးဆုံကလေး၏ မိဘ) ကလည်း ငိုငိုရီရီ(ရယ်ရယ်)နဲ့ အဲ့ထဲမှာ ၊ အငယ်ဆုံးကလေးတစ်ဦးက မိဘရှိပေမဲ့ တောဘက်မှာနေတာ၊ သူတို့ကလေးကိုလည်း သူတို့လာမမေးဘူး” ဟု ပျောက်ဆုံးကလေးများကို ရှာဖွေပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
တန်ယန်မြို့နယ်တွင် တရုတ်နှစ်သစ်ကူးကာလကတည်းက ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကြပြီး စစ်ကောင်စီ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များ သွားလာလှုပ်ရှားနေကြောင်း သိရသည်။
ကိုကျော်
#MeKongNews
#တန့်ယန်း
#သက်စမ်းရေဘော်ဒါ
#ကလေးသုံးဦး
#ပျောက်ဆုံးနေ











