မဲခေါင်၊ ဖေဖော်ဝါရီ ၂
ထိုင်း – မြန်မာ နယ်စပ် ကျားဖြန်လုပ်ငန်းများ တိုက်မှုတွင်း ထိုင်းမှ ပေးထားသော လျှပ်စစ်မီး ဖြတ်တောက်ရေး တောင်းဆိုမှုများအတွက် ထိုင်းပြည်ထဲရေးဝန်ကြီးက သူ့လုပ်ပိုင်ခွင့်မဟုတ်ကြောင်းနှင့် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီထံမှ မည်သည့် လျှပ်စစ်မီးပေးထားသည့်နေရာသည် ထိုင်း အမျိုးသားလုံခြုံရေးအား ထိခိုက်စေသည်ကို ကွဲကွဲပြားပြားသိမှ ဖြစ်မည်ဟု တောင်းဆိုပြောကြားသွားခဲ့သည်။
ထိုင်းအတိုက်အခံအမတ် ရန်ဆီမန်ရုမ်းက မြန်မာစစ်ကောင်စီအာဏာပိုင်များထံမှ မြ၀တီ ၂ နေရာ မီးပြန်ပေးရေး စာပို့တောင်းဆိုထားမှုအား ထိုင်းပြည်ထဲရေးဝန်ကြီး ဆုံးဖြတ်ချက်ချရမည်ကို နှုတ်ဆိတ်ပြီး ဆုံးဖြတ်ချက် မထုတ် ပြန်မှုအပေါ် ပြီးခဲ့သည့်ရက်ပိုင်းက မေးခွန်းထုတ်တောင်းဆိုခဲ့သည်။
တရုတ်အစိုးရနှင့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကျားဖြန်နှိမ်နင်းရေး အေဂျင်စီများ ထိုင်းသို့ ရောက်ရှိနေပြီးဖြစ်ရာ မြ၀တီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်တို့တွင် ထိုင်းမှ ၅ နေရာ လျှပ်စစ်မီးပေးထားဆဲဖြစ်ရာ ကျားဖြန့်လုပ်ငန်းများ ၏ အဓိက လျှပ်စစ်မီးထောက်ပံ့ပေးထားသူမှာ ထိုင်းသာဖြစ်ကြောင်း ဝေဖန်မှု မြင့်တက်လာခဲ့သည်။
သို့သော် ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ၁၉၉၆၊ မတ် ၅ ရက်တွင်း ထိုင်းအစိုးရအဖွဲ့ ချမှတ် ခဲ့သော ဥပဒေတွင် ထိုင်းလျှပ်စစ်မီးပေးဝေရေးအာဏာပိုင်အဖွဲ့ (PEA) သည် နိုင်ငံရေးမူဝါဒအဆင့်ရောက်စရာ မလိုဘဲ အိမ်နီးချင်းနယ်စပ်ဒေသများသို့ လျှပ်စစ်မီးကန်ထရိုက်စနစ်ဖြင့် ရောင်းခွင့်ပေးထားကြောင်း၊ သို့သော် ထို ရောင်းချမှုအား အမျိုးသားစွမ်းအင်မူဝါဒကောင်စီထံ အကြောင်းကြားရကြောင်း၊ ၂၀၂၄ မေ ၁၄ ရက်တွင်း ထိုင်း အစိုးရအဖွဲ့ ထပ်မံပြဌာန်းလိုက်သော ဥပဒေ အသစ်အရ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနသည် မူးယစ်ကွန်ရက်၊ ငွေကြေးခဝါချ၊ ကျားဖြန့်၊ လူမှောင်ခို စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်လာပါက ထိုလျှပ် စစ်မီးပေးရာ နယ်စပ်ဒေသများကို မီးဖြတ်တောက်ရန် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဟုသာ ပြဌာန်းခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ ၅ နေရာ လျှပ်စစ်မီးပေးထားမှုတွင် မည်သည့်နေရာများက ထိုင်း နိုင်ငံလုံခြုံရေးကို ထိပါစေသော ကျားဖြန့်နှင့် ဒုစရိုက်လုပ်ငန်းများလုပ်နေသနည်းဆိုသည်ကို ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ ရှင်းရှင်းလင်းလင်း မထုတ်ပြန်သရွေ့ ပြည်ထဲရေးဝန်ကြီး ဆုံးဖြတ်ပိုင်ခွင့်အောက်တွင် မရှိဟု ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရှင်းလင်းပြောကြားသွားခဲ့သည်။
ထိုင်း အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူး မစ္စတာချက်ချိုင်းက သူတို့အဖွဲ့အစည်းအနေဖြင့် နယ်စပ်မြန်မာဘက်ခြမ်း မည်သည့်ဒေသက အန္တရာယ်ရှိသော ဒေသဖြစ်ကြောင်းကို သတ်မှတ် ထုတ်ပြန်ပေးရန် အခွင့်အာဏာမရှိဘဲ အရာအားလုံးသည် ဥပဒေမူဘောင်များအောက်တွင်သာ ရှိကာ မြန်မာအစိုးရ (စစ်ကောင်စီ) နှင့်လည်း ပူးပေါင်းပါဝင် သတ်မှတ်နိုင်မှ ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဟု ငြင်းဆိုပြောကြားသွားခဲ့သည်။
ကလင်း
Ref:Bangkokpost
#MeKongNews
#ကျားဖြန့်
#တာချီလိတ်
#လျှပ်စစ်မီး
#ထိုင်းနိုင်ငံ








