မဲခေါင်၊ ဖေဖေါ်ဝါရီ ၁
ကျားဖြန့် တရုတ်ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်လုံခြုံရေးနဲ့ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး Mr.Liu Zhongyi ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံမယ်ဆိုင်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)အလယ်ထိ လာရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့် တရုတ်ငွေလိမ်ဂိုဏ်းတွေဟာ ရွှေတြိဂံဧရိယာအတွင်းက တာချီလိတ်နဲ့ လာအိုဘက်က ကာစီနိုမြို့အတွင်း ကြီးထွားလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မယ်ဆိုင်မြို့ကိုလာရောက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“နေ့လည်က တံတားပေါ်မှာ ကားတွေပိတ်နေတယ်၊ လူကြီးလာတယ်လို့တော့ ပြောတာဘဲ၊ တရုတ်အဖွဲ့တွေ ထိုင်းဘက်က တာဝန်ရှိသူတွေလည်း ပါတယ်။ ငွေလိမ်ဂိုဏ်းတွေကိစ္စ လာပြီး စုံစမ်းမေးမြန်းသွားတာလို့ ကြားတယ်” လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
တရုတ်လုံခြုံရေးနဲ့ ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းကရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းက ရွှေကုက္ကိုနဲ့ KK Park မှာ ဆောက်လုပ်နေတဲ့ ငွေလိမ်ဂိုဏ်းအဆောက်အဦတွေကို ကြည့်ရှုပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း ရွှေတြိဂံဧရိယာအတွင်းက လာအိုနိုင်ငံအတွင်းရှိ မဲခေါင်မြစ်ကမ်းဘေး ဆောက်လုပ်ထားတဲ့ တရုတ်စီးပွားရေးဇုံနဲ့ မယ်ဆိုင်ဘက်ကနေ တာချီလိတ်ကို လာရောက်ကြည့်ရှုသွားတာ ဖြစ်ပါတယ်။
တရုတ်အစိုးရက အာဆီယံနိုင်ငံတွေအတွင်းက တရုတ် ကျားဖြန့်နှိမ်နှင်းရေးအတွက် “စင်ရော်စစ်ဆင်ရေး” ဒုတိယပိုင်းကို ဖော်ဆောင်မယ်လို့ သတင်းထုတ်ပြန်ထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ပြီး တိုက်ဖျက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တရုတ်ကျားဖြဲန်ငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ်မြို့အတွင်း လုံးခြင်းနေအိမ်တွေငှါးရမ်းပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို လိုင်းကြေးပေးကာ တိတ်တဆိတ်လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
MK-002
#MeKongNews
#တရုတ်ဒုဝန်ကြီး
#ကျားဖြန့်
#ရွှေတြိဂံ








