မဲခေါင်၊ ဖေဖော်ဝါရီ ၁
စစ်ကောင်စီရဲ့ ရှမ်ပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံဒေသတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ဟာ မိုင်းဆတ်နဲ့မိုင်းတုံမှာရှိတဲ့ “ဝ”တောင်ပိုင်းစစ်ဒေသ ၁၇၁ ကို မနေ့ ဇန်နဝါရီ ၃၁ရက်က လာရောက်ခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်အရ သိရပါတယ်။
စစ်တိုင်းမှူး လာရောက်တာဟာ ဒေသခံပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်စန်းရဲ့ လားဟူနှစ်သစ်ကူးဖိတ်ခေါ်မှုကြောင့်လို့ သိရပြီး မြန်မာ-ထိုင်းနယ်စပ်က “ဝ” စစ်စခန်း ကိစ္စတွေလည်း ပါနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အရင်က အဲလို ဖိတ်လို့ လာတာမရှိဘူး။ ထိုင်းဘက်ကလည်း ထိုင်းနဲ့ “ဝ” စစ်ရေးတင်းမာနေလို့ ထိုင်းလေတပ်က တိုက်လေယာဥ်တွေ အဆင်သင့်ပြင်ထားတယ်သတင်းတွေ တက်လာနေတော့ အရင်တစ်ခါလာတုန်းကလို အကြောင်းပြလာတာဖြစ်နိုင်တယ်”လို့ သူကဆိုပါတယ်။
နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ တြိဂံဒေသတိုင်းမှူးလာရောက်တာဟာ ပုံမှန်လာရောက်မှုသာဖြစ်ပြီး အဲဒီနယ်မှာ ရှိတဲ့ တပ်တွေကို လာရောက်စစ်ဆေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းမီဒီယာတွေမှာတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထိုင်းထဲကို မူးယစ်ဆေးသွင်းနေတဲ့ကိစ္စအပါအဝင် ထိုင်းပိုင်နက်ထဲဝင်နေတဲ့နယ်စပ်စစ်စခန်းတွေကိစ္စနဲ့ UWSA “ဝ” တပ်တွေကို ကိုင်တွယ်မယ့် အစီအစဉ်ထဲမှာလေတပ်ကနေ လုပ်ငန်းစဉ်အသေးစိပ် (ဗျူဟာ) တင်ပြဖို့ ဇန်နဝါရီ ၂၅ ရက်နေ့က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာစစ်ကောင်စီဘက်ကဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာက နယ်စပ်အငြင်းပွားမှုမှာ ထိုင်းနဲ့ “ဝ”တပ်ဖွဲ့တို့အကြား ဖြစ်တဲ့ကိစ္စက သီးခြားစီဖြစ်ပြီး မြန်မာနဲ့ ထိုင်းကြားမှာ ဖွဲ့ထားတဲ့ နယ်ခြားကော်မတီ အဆင့်ဆင့်ရှိကာ နယ်စပ်ဖြတ်ကျော်ကိစ္စတွေကို လစဥ်ဆွေးနွေးတာတွေရှိလို့ ဒီကိစ္စကို နယ်စပ်ဒေသနယ်ခြားကော်မတီ ပုံမှန်အစည်း အဝေးတွေကပဲ လုပ်ဆောင်သွားမှာ ” လို့ မြန်မာသတင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။
မဲခေါင်အနေနဲ့ စစ်တိုင်မှူးလာရောက်တဲ့အပေါ် “ဝ” တောင်ပိုင်း ဆက်ဆံရေးမှူး ဦးအိုက်ပလိပ်ကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
စစ်တိုင်းမှူးဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ရက်ကလည်း “ဝ” ဌာနချုပ် ဟွေအောကို လာရောက်ခဲ့ပြီး ရက်ပေါင်း ၅၀ အကြာမှာ နောက်တစ်ကြိမ်လာရောက်တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ မိုင်းတုံမြို့၊ ကွက်သစ်ရပ်က လားဟူပြည်သူ့စစ် ဦးအိုက်စန်းအိမ်မှာ ညအိပ်ခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် မှာ ကျိုင်းတုံကို ယာဥ်တန်းနဲ့ ပြန်သွားတယ်လို့ သိရပါတယ်။
MK – 012
#MeKongNews
#တြိဂံဒေသတိုင်း
#ဗိုလ်မှူးချုပ်စိုးလှိုင်
#၁၇၁စစ်ဒေသ
#လားဟူနှစ်သစ်ကူး
ပုံအညွှန်း – တာချီလိတ်မှာ ကျင်းပတဲ့ လားဟူရိုးရာနှစ်သစ်ကူးပွဲ တက်ရောက်တဲ့ ဗိုလ်မှူးချုပ်စိုးလှိုင်








