မဲခေါင်၊ ဇန်နဝါရီ ၂၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အခြေစိုက် စစ်ကောင်စီဆေးရုံ ခုတင် ၁၀၀ မှာ ငွေပေးပြီး ကလေးမွေးတဲ့ တပ်မိသားစုဝင်တစ်ဦး ဆေးရုံမှာ အချိန်ကြာမြင့်စွာနေထိုင်ရပေမယ့် ကလေးသေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။
ဆရာဝန်နဲ့သူနာပြုဖြစ်သူတွေဟာ တာဝန်ယူမှု တဝန်ခံမှုမရှိဘူးလို့ မီးဖွါးသူရဲ့မိခင်ကပြောပါတယ်။
လားရှိုးတိုက်ပွဲမှာသေဆုံးခဲ့တဲ့ မိုင်းဆတ် ထပခွဲ ၁၄ က စစ်သည်ရဲ့ မိသားစုဝင် မီးဖွားစဉ် ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ကိုယ်ဝန်သည်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
စစ်သည်ရဲ့ မိသားစုဝင်မှီခိုက အရပ်သားနဲ့အိမ်ထောင်ပြုခဲ့သဖြင့် တပ်မိသားစုအဖြစ် သတ်မှတ်ချက်မပြုတာကြောင့် မွေးဖွါးခအဖြစ် ဆေးဗိုလ်မှူး ခေတ္တ သားဖွားမီးယပ်(OG)ကို ကျပ် ခုနှစ်သောင်းပေးရကြောင်း၊ ဗိုက်အပ်စဉ်ကလည်း ရက်ချိန်းတိုင်းမှာ ကျပ် တစ်သောင်း ကနေ ကျပ်နှစ်သောင်း ထိပေးရကြောင်း၊ သွေးပေါင်ချိန်တိုင်းစဉ်မှာလည်း ကျပ်နှစ်ထောင်ပေးရကြောင်း မိခင်ဖြစ်သူကပြောပါတယ်။
ဖြစ်စဉ်ပွားခဲ့တဲ့ ဇန်နဝါရီ ၉ ရက်၊ မနက် ၇ နာရီမှာ သမီးဖြစ်သူ ဗိုက်နာတာကြောင့် ခုတင် ၁၀၀ စစ်ဆေးရုံကိုသွားရာမှာ ၂ နာရီခန့်စောင့်ရပြီး မနက် ၉ နာရီမှ စစ်ဆေးရုံက ဗိုလ်မှူးနဲ့သူနာပြုက လက်ခံ စမ်းသပ်ပြီး ၁၀ နာရီမှာ ရေမြွာဖောက်ပေးခဲ့ကြောင်း၊ လူနာကမညှစ်နိုင်တာကြောင့် ဗိုက်ခွဲမွေးပေးဖို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုပေမယ့် အရေးမစိုက်ကြောင်း၊ နေ့လယ်၁၂ နာရီခန့်မှာ စောင့်ကြည့်အခန်းမှာ ထားပြီးညနေ ၃ နာရီကျော်မှ မွေးခန်းသွင်းပြီး ဆေးရုံသန့်ရှင်းရေး တစ်ဦးကို မွေးခုတင်ပေါ်တက်ခိုင်းပြီး ဗိုက်ကို တွန်းချခိုင်းကြောင်း၊ မရတော့မှ OG ကို ဖုန်းဆက်ခေါ်ကြောင်း၊ မွေးလာတော့ ကလေးမှာ အသက်ပါမလာတော့ဘူးလို့ ပြောပါတယ်။
အချင်းပတ်နေလို့ ကလေးသေရတယ်ပြောပေမယ့် မီးနေသည်ကိုယ်တိုင်က သူ့ကလေးမှာ ဘာအချင်းမှ ပတ်နေတာ မတွေ့ရဘူးလို့ ပြောပြီးမွေးလူနာမှာလည်း ခုတင်ပေါ်က ကိုယ်တိုင်တွန်းလှည်းပေါ် ဆင်းခဲ့ရတယ်လို့ သိရပါတယ်။
MK-012
#MeKongNews
#မိုင်းဆတ်မြို့
#ကုတင်၁၀၀
#စစ်ဆေးရုံ
#ကလေးအသက်မရှင်








