မဲခေါင်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ အခုလ ပိုမိုဆိုးရွားလာပြီး လတ်လလောမှာ ဓာတ်အားမပေးတာ ၄ ရက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်သာရေတောင် မတင်ရဘူး၊ မြို့မစျေးတစ်ခုလုံးလည်း မှောင်မဲနေတာပဲ” လို့ တောင်ကြီးမြို့မစျေးမှာ ဆိုင်ဖွင့်ထားတဲ့ ဒေသခံတဦးက မဲခေါင်ကိုပြောပါတယ်။
နေ့ဘက်တွေ ဓာတ်အားမပေးတာ လွန်ခဲ့တဲ့ တစ်လ(ဒီဇင်ဘာ)ကတည်းကဖြစ်ပြီး အခုလ(ဇန်နဝါရီ) အစပိုင်းကတည်းက ပိုမိုဆိုးရွားလာကာ ဓာတ်အားကို ၃ မိနစ်ကနေ ၁၅ မိနစ်ဝန်းကျင်သာပေးပြီး ညဘက်လုံးဝ မလာဘူးလို့ဆိုပါတယ်။
လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုကြောင့် ဂတ်စ်အစားထိုးအသုံးပြုနေရပြီး ဂက်စ်မီးဖိုနဲ့ ဂက်စ်ဖြည့်ခတွေ စျေးကြီးနေတဲ့အပြင် အားသွင်းမီးလုံးတွေလည်း အသုံးပြုလို့မရတဲ့အခြေအနေထိ ဖြစ်ပေါ်နေပါတယ်။
လျှပ်စစ်အခြေခံ လူနေမှုစနစ်ဖြစ်တာကြောင့် လျှပ်စစ်ဓါတ်အားမပေးတာဟာ နေ့စဉ်လုပ်ငန်းနဲ့ လူနေမှုစနစ်ကိုပါ အကြပ်အတည်း ဖြစ်ပေါ်စေတာပါ။
ဒေသခံတစ်ဦးက “ဒီရက်တွေမှာ ပိုဆိုးလာတာပါ၊ မီးလာလည်း ၃ မိနစ်လောက်ပဲ၊ ပြတ်ချင်တဲ့အချိန် ပြတ်၊ လာချင်တဲ့အချိန် လာနေတာ၊ ဘယ်သူ့ကြောင့်လဲဆို အားလုံးနဲ့သက်ဆိုင်မယ်ထင်ပါတယ်” လို့ မဲခေါင်ကိုပြောပါတယ်။
ဓါတ်အားပြတ်တောက်နေတာနဲ့ပတ်သတ်ပြီး တောင်ကြီးမြို့ EPC ကလည်း ပြည်သူကို အသိပေးအကြောင်းကြားတာမျိုး မရှိပါဘူး။
MK 016
#MeKongNews
#တောင်ကြီးမြို့
#လျှပ်စစ်ဓာတ်အား
#အခြေအနေဆိုးရွား
#ဂက်စ်ဈေးကြီး








