မဲခေါင်၊ ဇန်ဝါရီ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တို့မှာ ၂ ရက်အတွင်း ကျပ်သိန်းပေါင်း ၄,၀၆၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးတွေကို စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်မှာ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီး ကားလမ်းပေါ်မှာ မိုင်းပျဉ်းဘက်ကနေ ကျိုင်းတုံဘက်ကို စိုင်းဝန်းခေါင် အသက် ၁၈ နှစ်နဲ့ စိုင်းစံလှ အသက် ၃၁ နှစ်တို့ မောင်းနှင်လာတဲ့ ကားပေါ်က ကျပ်သိန်းပေါင်း ၃၈၅၀ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၉ ဒဿမ ၆၆ သိန်းပြား ကို ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ပါတယ်။
ဆက်စပ်တရားခံအဖြစ် စိုင်းဆိုင်အွန် (ခ) အိုက်ဆိုင် ၂၄ နှစ် မိုင်းပျဉ်းမြို့နယ်နေထိုင်သူနဲ့ စိုင်းညွန့် ၂၁ နှစ် မိုင်းပျဉ်းမြို့နယ်နေထိုင်သူတို့ကို တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှာ ဆိုင်ကယ်တစင်းနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၁၇ ရက်ညနေပိုင်းက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်းကျေးရွာအနီးလမ်းပေါ်မှာ ကျီနူး အသက် ၁၉ နှစ်၊ မောင်းနှင်လာတဲ့ဆိုင်ကယ်ပေါ်ကနေ ကျပ်သိန်းပေါင်း ၂၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ဖမ်းမိပါတယ်။
အခုဖြစ်စဉ် နှစ်ခုအပါအဝင် ရှမ်းပြည်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ မူးယစ်ဆေး သယ်ဆောင်ရောင်းချသူတွေကို ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၁၇ ရက်အထိ ၁၈ ကြိမ် ဖမ်းဆီးပြီး ဖြစ်ပါတယ်။
#MeKongNews
#ရှမ်းအရှေ့
#မူးယစ်ဆေး
#၂ရက်အတွင်း
#သိန်း၄၀၆၀








