မဲခေါင်၊ ဇန်နဝါရီ ၁၁
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က တောင်ကြီးမြို့နယ်၊ နန်းဟောင်းမွေတော်အုပ်စု၊ ဘန်ကွဲကျေးရွာအတွင်းမှာ ဒေသတွင်းပြောင်းဖူးတင်ကားတွေဆီက ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒေသတွင်း တနိုင်တပိုင်စိုက်ပျိုးထွက်ရှိတဲ့ ပြောင်းဖူးတွေကို ကုန်တင်ကားတွေနဲ့ စိုက်ခင်းထဲမှ အိမ်ကိုကားနဲ့သယ်ဆောင်တာ၊ အေးသားယာမြို့ကိုသွားရောက်ရောင်းချတာတွေမှာ ဘန်ကွဲကျေးရွာထဲက ဖြတ်သန်းမောင်းနှင်ရတာဖြစ်ပြီး ထော်လာဂျီအပါအဝင် ဖြတ်သန်းသွားတဲ့ ပြောင်းဖူးကားတွေကို တားဆီးစစ်ဆေးပြီးနောက် တစ်စီးကို ကျပ် ၃၀၀၀၀ ကောက်ခံနေတာလို့ ကိုယ်တိုင်ကြုံခဲ့သူတွေကပြောပါတယ်။
“ကျနော်က ပြောင်းဆံမဟုတ်သေးဘူး၊ တောထဲကနေ အဖူးလိုက် အိမ်ကိုသယ်လာတာ၊ ပြောင်းကလည်း ဒီတစ်ခေါက်ပဲသယ်ရမှာမဟုတ်ဘူးလေ၊ နောက်ရက်တွေမှာလည်း သယ်ရမှာ၊ အဲဒီနေရာကို တစ်ခါဖြတ်တိုင်း ပိုက်ဆံ ပေးရမယ်ဆိုတော့ ဘယ်လိုလုပ်ရမယ်မသိတော့ဘူး”လို့သတင်းအရင်းအမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကြိုးတားဂိတ်မှာ SSPP ရဲဘော် ခုနှစ်ယောက်နီးပါးက အခုလ (ဇန်နဝါရီ) ဒုတိယပါတ်ကစတင်ကာ နေ့စဉ်ကောက်ခံနေတာဖြစ်ပြီး အခွန်ကောက်တာလို့ပြောကြောင်း သတင်းအရင်းအမြစ်ကပြောပါတယ်။
ကိုယ်တိုင်စိုက်ပျိုးပြီးထော်လာဂျီနဲ့ သယ်ဆောင်သူတစ်ဦးက “လက်နက်ကိုင်ထားတော့လည်း ပေးရတာပဲ၊ ဘယ်သူက ဘာပြောရဲမှာလဲ ” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တောင်ကြီးမြို့နယ်မြောက်ဘက်ခြမ်းဟာ ပအိုဝ်းပြည်သူ့စစ် PNO ကလည်း အမြဲလှုပ်ရှားနေတဲ့ ဒေသဖြစ်သလို RCSS တပ်ဖွဲ့ဝင်တွေကိုလည်း မကြာခဏတွေ့ရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း ဖေဖော်ဝါရီလကစတင်ပြီး ရပ်စောက်မြို့နယ်အတွင်းရှိ SSPP လှုပ်ရှားရာဒေသတွေမှာ ဒေသခံတွေအနေနဲ့ တောင်ယာတွေမှာ ညမအိပ်ဖို့ တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
CJ-003
#MeKongNews
#SSPP
#ကြိုးတားဂိတ်
#ငွေကြေးကောက်ခံ
#ပြောင်းဖူးကား








