မဲခေါင်၊ ဇန်နဝါရီ ၁၁
တပ်လှုပ်ရှားမှု အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကို သတင်းပေးသူရှိနေတယ် ဆိုတဲ့ယူဆချက်နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ဟိုယလုတ်ခိုက်ရွာအနီးမှာ ကိုးကန့်တပ်(MNDAA)က ခရီးသွားတချို့ကို ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
MNDAA အထိုင်ချထားတဲ့ ဟိုယလုတ်ခိုက်ရွာနဲ့ ငါးမိုင်ခန့်အကွာအဝေးမှာရှိတဲ့ မိုင်းရယ်မှာ စစ်ကောင်စီလည်း အထိုင်ချနေတာကြောင့် MNDAA ရဲ့အခြေအနေတွေကို စစ်ကောင်စီထံ သတင်းပေးနေသူရှိတယ်လို့ MNDAA ယူဆကာ ဒီသတင်းပတ်အတွင်းမှာ မသင်္ကာသူကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက အပြစ်မရှိသူတွေ ၂၄ နာရီကျော်တဲ့အထိ ပြန်လည်လွတ်မြောက်လာတာမျိုး မရှိသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။
“မိုင်းရယ်နဲ့ ဟိုယက ဟိုဖက်ဒီဖက်လှမ်းကြည့်ရင်တောင်မြင်ရတယ်၊ သူတို့က အချင်းချင်းသတင်းပေးတဲ့သူ ပါမှာစိုးလို့ ဖမ်းဆီးစစ်ဆေးတာထင်တယ်၊ မနေ့က(ဇန်နဝါရီ ၉)အဖမ်းခံရတဲ့ လူငယ်လေးယောက်လည်း ပြန်လွတ်မလာသေးဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
MNDAA က ခုလိုမျိုး ဟိုယအနီးမှာ ခရီးသွားတွေကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်တာက ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာလည်း အစစ်အဆေးကြမ်းနေသလို MNDAA ကလည်း ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ နှစ်ဖွဲ့လုံးကို ကြောက်နေရတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
အခုချိန်မှာ မိုင်းရယ်မြို့ကို စစ်ကောင်စီနဲ့ SSPP/SSA က ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။
CJ – 018
#MeKongNews
#MNDAA
#ခရီးသွား
#ဖမ်းဆီးထိန်းသိမ်း
#မိုင်းရယ်နဲ့ဟိုယ








