မဲခေါင်၊ ဇန်နဝါရီ ၄
သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ ထုတ်ပြောသူနှစ်ဦး ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့ကနေ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ကိုပို့ဖို့ သယ်ဆောင်လာတဲ့ ကျပ်သိန်းငါးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို လေးခေါက်မြောက်မှာမှ တာဆန်းစုပေါင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးကို ဖမ်းဆီးစဉ်မှာ “တစ်ယောက်က ဆေးကွဲပြီး ပြည့်သူ့စစ်ကတ်တွေထုတ်ပြ၊ မိုင်းတုံကလူကြီးတွေနဲ့ ခြိမ်းခြောက်ခဲ့သေးတာ” လို့ တာဆန်းတံတားနားနေသူတစ်ဦးက မဲခေါင်ပြောပါတယ်။
နမ့်စန်ဘက်ကနေ စိုင်းစံညွန့် နဲ့ စိုင်းနော်စံတို့ မောင်းနှင်လာတဲ့ ကားကို မူးယစ်၊ လဝက၊ မိုင်းပန်စခန်းရဲ၊ စစစ၊ စရဖနဲ့ သစ်တောပေါင်းစုထားတဲ့ တာဆန်းစုပေါင်းစစ်ဆေးရေးဂိတ်မှာ ရပ်တန့်စစ်ဆေးရာမှာ ကာလတန်ဖိုး ကျပ်သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ WY ပြား နှစ်သိန်းနဲ့ ဘိန်းဖြူဘလောက်တုံး ၁၂၀ ခန့်ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ၂၉ ရက်၊ မနက် ၈ နာရီက ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် ကွင်းဆက်လိုက်နေတာကြောင့် ဇန်နဝါရီ ၃ ရက်မှ အမှုဖွင့်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်အရ နမ့်စန်မြို့ကနေ မိုင်းတုံကို သယ်နေတာ ဒီဇင်ဘာလအတွင်း လေးခေါက်မြောက်ဖြစ်ပြီလို့ သိရပါတယ်။
“တာဆန်းမှာမိလို့ မိုင်းပန် အပိုင်ပေမယ့် နမ့်စန်က သယ်လာတာဖြစ်လို့ နမ့်စန်ကို ပြောင်းချုပ်ထားတယ်” လို့ မိုင်းပန်ရဲစခန်းနီးစပ်သူတစ်ဦးက ပြောပါတယ်။
မိုင်းတုံဟာ ထိုင်းနိုင်ငံနဲ့ နယ်နမိတ် ထိစပ်နေသလို မူးယစ်ဆေးဝါးတွေ ထိုင်းထဲကိုပို့ဆောင်နေတာလို့ ထိုင်းနိုင်ငံက စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ UWSA တောင်ပိုင်းမှာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ဖမ်းမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၂၃၃၉ ပြားနဲ့ ဘိန်းဖြူမှုန့် ၁၁၈ ပုလင်းတို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်ကပဲ စစ်ကောင်စီကို လွှဲအပ်ပွဲ ပြုလုပ်ခဲ့ပါသေးတယ်။
MK-012
#MeKongNews
#ပြည်သူ့စစ်
#မူးယစ်ဆေး
#နမ့်စန်မြို့
#မိုင်းတုံမြို့
#တာစန်းဂိတ်








