မဲခေါင် ၊ ဒီဇင်ဘာ ၈ ရက်
တာချီလိတ် မြို့ကွက်သစ်တွေထဲ စည်ပင်က အိမ်ဆောက်ခွင့်ကိုလုပ်ထုံးလုပ်နည်းနဲ့အညီ တရားဝင်စာရွက်စာတမ်းချပေးတာမျိုးမရှိပဲ တစ်ထပ်ကို ဘတ် ငါးထောင်နှုန်း တရားမဝင်ကောက်ခံနေတယ်လို့ အိမ်ဆောက်လုပ်သူတွေဆီက သိရပါတယ်။
မြို့ကွက်သစ်တွေဖြစ်တဲ့ ပါဆတ်၊ လွန်းကျိုင်း၊ ဆန်ဆိုင်းနဲ့ ရန်အောင်မြေကွက်တွေထဲက အိမ်ဆောက်လုပ်နေတဲ့ နေရာတွေကို တရားဝင်ဆောက်လုပ်ခွင့်မပြုဘူးဆိုပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေဆီကအိမ်တစ်ထပ်ကို ဘတ်ငါးထောင်နှုန်း တရားမဝင် လာရောက်ကောက်ခံတာတွေ ရှိနေတာပါ။
တရားဝင်ဆောက်လုပ်ဖို့ စည်ပင်ရုံးကို သွားရောက်ပြီး ဆောက်လုပ်ခွင့်လျောက်တင်တဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်ပါမှ ရမယ်ဆိုတာကြောင့် ရပ်ကွက်မှာ ထောက်ခံစာသွားယူတဲ့အခါ ရပ်ကွက်ကလည်း မလိုဘူးဆိုပြီး ထောက်ခံစာမပေးပါဘူး။ ဒါကြောင့် ကိုယ်အစီအစဉ်နဲ့ကိုယ် ဆောက်လုပ်တဲ့အခါ စည်ပင်ရဲ့သတိပေးစာရောက်လာတဲ့အပြင် တစ်ထပ်ကို ဘတ်ငါးထောင်တောင်းယူတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက “ရပ်ကွက်ရုံးထောက်ခံစာဆိုလို့ သွားတောင်းတော့ ရပ်ကွက်က သူတို့ထောက်ခံစာထုတ်ပေးဖို့က ထုံးစံမရှိဘူး၊ တစ်ခါမှထုတ်မပေးရဘူးတဲ့၊ အဲ့ဒါနဲ့ရုံးပြန်သွားတော့ နေလှန်းခံထားရတယ်၊ နောက်နေ့ ဘတ်တစ်သောင်းပေးလိုက်တော့ အဆင်ပြေသွားတယ်” လို့ ပြောပါတယ်။
ဂရံမြေလည်းဖြစ်ပြီး အိမ်ဆောက်ခွင့်ရှိတဲ့မြေစာရင်းက ပုံစံ ၁၀၅ ပြနိုင်ပေမယ့် ရပ်ကွက်ကမပေးတဲ့ ထောက်ခံစာကိုတောင်းခိုင်းတာမျိုးကြောင့် မလိုအပ်ပဲအချိန်ကြန့်ကြာနေသလို မလိုအပ်ပဲလာဒ်ပေးရတွေရှိနေတယ်လို့ ပြောပါတယ်။
“ရပ်ကွက်ထဲ အိမ်လေးပြင်ဖို့ အုတ်၊ သဲ ချတာနဲ့ ချက်ချင်း စည်ပင်တန်းရောက်လာတယ်၊ အိမ်ပြင်ဖို့ စာတင်ပီးပြီလားတဲ့၊ လမ်းမပေါ် အုတ်တွေ သဲတွေ ရောက်လို့တဲ့၊ ဒဏ်ရိုက်မယ်လာပြောတယ်၊ ဒဏ်ရိုက်ရင်လည်း ဘဏ်သွားပြီး ပိုက်ဆံသွင်းရတာမဟုတ်ဘူး၊ အဓိကဘတ်ငွေလာတောင်းတာ” လို့ ကိုယ်တိုင်တွေ့ကြုံရသူက ပြောပါတယ်။
ဒါပေမယ့် တာချီလိတ်မြို့ကို ပြောင်းရွေ့အခြေချလာသူတွေများလာတဲ့နောက် လယ်မြေတွေကို တရားမဝင် အကွက်ရိုက်ရောင်းချမှုတွေများလာပြီး အိမ်ဆောက်လုပ်မှုတွေလည်း များလာတာဖြစ်ပါတယ်။
“အိမ်ဆောက်တာတွေ အများစုက ဂရံမြေမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် လယ်ကွက်တွေပေါ် တိုးချဲ့ထားတာတွေ၊ အဲ့နေရာတွေအကုန်လုံးက လူနေရပ်ကွက်တွေဖြစ်ကုန်ပြီ” လို့ ဒေသခံက ပြောပါတယ်။
စည်ပင်က တရားဝင်အိမ်ဆောက်လုပ်ခွင့်မပေးတာဟာ ဥပဒေအရ အိမ်ဆောက်လုပ်ခွင်မရှိတဲ့ မြေအမျိုးအစားကြောင့်လား၊ စည်ပင်ကတောင်းယူတဲ့ငွေဟာ ဒဏ်ကြေးပေးဆောင်ရတာလား၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်အပေါ်အခြေခံတဲ့ အဂတိလားဆိုတာကို စည်ပင်ရဲ့အတည်ပြုချက်ရရှိဖို့ မေးမြန်းဖို့လိုအပ်ပေမယ့် သတင်းမီဒီယာကို ရာဇဝတ်မှုကျူးလွန်နေသူတွေလို သဘောထားကာ ဖမ်းဆီးနေတာမျိုးတွေကြောင့် မေးမြန်းဖို့အဆင်မပြေပါ။
မြို့ကွက်သစ်အဖြစ် သတ်မှတ်ထားတာမရှိပေမယ့် ရန်အောင်မြေရပ်ကွက်နဲ့ လွန်းကျိုင်း၊ ပါဆတ်၊ ဆန်ဆိုင်းရပ်ကွက်တွေထဲက လယ်မြေတွေမှာသက်ဆိုင်ရာ အာဏာပိုင်နဲ့ညှိနှိုင်းပြီး လယ်ကွက်တွေကို မြို့မြေအဖြစ်တိုးချဲပြီး နေအိမ်ဆောက်လုပ်နေကြတာ ဖြစ်ပါတယ်။
MK002
#MeKongNews
#ဆောက်လုပ်ရေး
#စည်ပင်
#တာချီလိတ်
#ဘတ်ငွေတောင်း








