မဲခေါင်၊ ဒီဇင်ဘာ ၂
ရှမ်းပြည်တောင်ပိုင်းရှိ RCSS နဲ့ SSPP မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေပေမယ့် နှစ်ဖက်ပေါင်းစပ်ညှိနှိုင်းရေးကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ SSPP က မနေ့က( ဒီဇင်ဘာ၁ ) မှာထုတ်ပြန်ပါတယ်။
အခုချိန်ကာလဟာ တပ်ဖွဲ့ နှစ်ဖွဲ့အပစ်ရပ်ပြီး အမြန်ဆုံးပေါင်းစည်းနိုင်ရန် ရှမ်းပြည်သူလူထုက ကြား၀င်စေ့စပ်ပေးနေတာကြောင့် ပေါင်းစည်းနိုင်ရေး ရှေးရှူ့ကာ နှစ်ဖက်တိုက်ပွဲတွေမဖြစ်ပွားစေဖို့ SSPP/SSA အနေနဲ့ ထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
SSPP အနေနဲ့ အခုလို ထိန်းသိမ်းခဲ့မှုကို RCSS တပ်ဖွဲ့က အခွင့်ကောင်းအဖြစ်အသုံးချပြီး SSPP တပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဖွဲ့၀င်တွေနဲ့ ဒေသခံပြည်သူတွေကို အကြိမ်ကြိမ်တိုက်ခိုက်တာတွေအပြင် ဖမ်းဆီးခြင်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RCSS နဲ့ SSPP ဟာ ၂၀၂၃ ခုနှစ် ၊နို၀င်ဘာလအတွင်းက နှစ်ဖက်အပစ်ရပ်စဲကြောင်း ပူးတွဲထုတ်ပြန်ထားခဲ့တာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက နယ်မြေအငြင်းပွားမှုကိစ္စရပ်တွေမှာ ထိတွေတိုက်ပွဲတချို့ မကြာခဏ ဖြစ်ပွားလျက်ရှိနေတာပါ။
အခုလို SSPP ရဲ့ထုတ်ပြန်ထားချက်နဲ့ပတ်သက်ပြီး RCSS ဘက်က ဒီနေ့ထိ ပြန်လည်တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ RCSS နဲ့ SSPP ဟာ ၎င်းတို့ရဲ့ နယ်မြေဒေသတွေမှာ ထိန်းချုပ်လှုပ်ရှားလျက်ရှိကာ စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတချို့မှာ ပါ၀င်ခဲ့ပြီး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ၀င်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ဆက်နွယ်ပတ်သက်တာတွေမရှိဘူးလို့ ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွေက ထုတ်ပြန် ပြောကြားခဲ့ဖူးပါတယ်။
CJ-017
#MekongNews
#ရှမ်းပြည်တောင်ပိုင်း
#RCSS
#SSPP
#နှစ်ဘက်တိုက်ပွဲ
#စေ့စပ်ညှိနှိုင်း
#အပစ်ရပ်စဲ








