မဲခေါင်၊ ဒီဇင်ဘာ ၂
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ်က အွန်လိုင်းဂိမ်းလုပ်တဲ့ နေအိမ်တစ်အိမ်ကို ဧည့်စာရင်းစစ်မယ်လို့ အကြောင်းပြကာ ဖုန်းနဲ့ငွေကြေးတွေ ခြောက်လှန့်တောင်းယူခဲ့သူ ၈ ဦးကို နိုဝင်ဘာ ၃၀ ရက်က ဖမ်းမိတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်က စစ်ဝတ်စုံဝတ်ကာ ဝင်ရောက်ငွေတောင်းခံခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း နောက်ထပ် ဘတ်ငွေ ၁၀ သိန်းပေးဖို့နဲ့ မပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း ဖြစ်စဉ်ကိုသိတဲ့ မြို့ခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ နေအိမ်တွေအတွင်း ဝင်ရောက်ပြီး လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမယ် အကြောင်းပြကာ နေအိမ်ရှိသူတွေထံက ဖုန်းမျိုးစုံ ၂၄ လုံးနဲ့ ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့ကို ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူတာတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
အယောင်ဆောင် ခြိမ်းခြောက်ကာ ငွေနဲ့ပစ္စည်းတွေ ရယူခဲ့သူ ၈ ဦးဟာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေ နဲ့ သီဟ၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦးနဲ့ မျိုးဦး၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင် (ခ)အရှည်ကြီးနဲ့ ဝင်းသက်အောင် (ခ)ဝင်းမင်းသန့်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလားနဲ့ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက်တို့ဖြစ်ကြောင်း သိရပါတယ်။
သူတို့နဲ့အတူ ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် တစ်စီး၊ M16 ပုံစံတူ Air Gun တစ်လက်၊ ပစ္စတိုသေနတ်အတို Air Gun တစ်လက်၊ ပြောက်ကြားဦးထုပ်တစ်လုံး၊ ပြောက်ကြားယူနီဖောင်းနှစ်စုံတို့ကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ထံက သိရပါတယ်။
တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်၊ ညနေပိုင်းကလည်း ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်း၊ မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းရှေ့မှာ အမျိုးသမီး တစ်ဦး အပါအဝင် လူငယ် ငါးဦးကို အမျိုးသား ရှစ်ဦးက သေနတ်တွေ မိုးပေါ် ပစ်ဖောက်ခြောက်လန့်ပြီး လိုက်လံ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကထက် အရမ်းပိုဆိုးလာနေတာ၊ လူကောင်းသူကောင်းတွေ အပြင်တောင်မထွက်ရဲလောက်အောင် ဖြစ်လာနေပြီ။ မသမာသူတွေက ရာဇဝတ်မှုကျူးလွန်ရဲအောင် အုပ်ချုပ်ရေးပိုင်းကို ပိုင်အောင်လုပ်ထားကြတာကိုး” လို့ တရားရေးနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တာချီလိတ်မြို့ဟာ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်ကာ အဖွဲ့အစည်းပေါင်းစုံရှိနေသလို ပြည်သူ့စစ်အဖွဲ့ ၄၀ ခန့်လည်း ရှိနေပြီး လုယက်မှု၊ ခြိမ်းခြောက်မှု၊ လူသတ်မှု၊ ကျားဖြန့်လောင်းကစားပေါင်းစုံ ရှိတဲ့မြို့ဖြစ်ပါတယ်။
MK – 012
#MeKongNews
#တာချီလိတ်
#စစ်ဝတ်စုံ
#ငွေတောင်းခံ
#ပစ္စတို
#ပြောက်ကြားယူနီဖောင်း









