မဲခေါင်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ စခန်းနှစ်ခုကို RCSS က ဒီနေ့ (နိုဝင်ဘာ ၂၅) မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်အစောပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ အင်အား ၁၀၀ ခန့် စစ်ကြောင်းသုံးခုနဲ့ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးမှာ ရှိတဲ့ SSPP စခန်းငယ်နှစ်ခုကို ဝင်တိုက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင် ရှစ်ဦးကို ဖမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
RCSS ဟာ SSPP ရဲ့ စခန်းသုံး မော်တော်ဆိုင်ကယ် လေးစီး၊ ကားတစ်စီး အပါအဝင် စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ SSPP ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ဦး အိမ်ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းတွေကို ယူသွားကာ အိမ်ရှင်ဖြစ်သူကိုလည်း ပစ်သတ်ခဲ့တယ်လို့ SSPP ထုတ်ပြန်ချက်က ဆိုပါတယ်။
ပန်ပွဲကျေးရွာအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင်ကိုလည်း RCSS တပ်ဖွဲ့ဝင်တွေက ဝင်ရောက်မွှေနှောက်ပြီး စားသောက်တွေ ယူသွားတဲ့အပြင် ရွှေ၊ ငွေတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းရေးအတွက် တိုက်ပွဲမဖြစ်ရေး ထိန်းသိမ်းခဲ့ခြင်းကို RCSS က အခွင့်ကောင်းယူပြီး တပ်ဖွဲ့ဝင်နဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး RCSS တာဝန်ရှိသူတွေကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
#MeKongNews
#RCSS
#SSPP
#မိုင်းကိုင်
#ရှမ်းတောင်
#ရှမ်းနှစ်ဖွဲ့
#ဝင်တိုက်
#တပ်ဖွဲ့ဝင်
Photos- SSPP Info












