မဲခေါင် ၊ နိုဝင်ဘာ ၂၃
ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းဟာ ပြန်လည်ပြုပြင်ခြင်းမရှိတာကြောင့် လမ်းပျက်စီးနေပြီး ခရီးသွားချိန် အရင်ထက် ၂ ဆနီးပါးကြာမြှင့်လာတယ်လို့ ခရီးသွားသူတွေဆီက သိရပါတယ်။
လမ်းပိုင်းအကွာအဝေးဟာ ကီလို ၁၂၀ ကျော်ရှိပြီး ၂၀၀၁ ခုနှစ်ကတည်းက “ဝ”တပ်ဖွဲ့ပိုင် ဟုန်ပန်းကုမ္ပဏီက BOC စနစ်နဲ့ နှစ်ပေါင်း ၂၀ ကန်ထရိုက်ယူပြီး ထိုင်းနိုင်ငံက ပညာရှင်တွေနဲ့ တည်ဆောက်ခဲ့တာပါ။
“အရင်က ကျိုင်းတုံ-တာချီလိတ်က ၃ နာရီလောက်ဆိုရောက်တယ် အခုက ကားမောင်းရင် ၅ နာရီလောက်မောင်းနေရတယ်၊ လမ်းတွေပျက်တာလဲ မပြင်ဘူး ဟိုနားဖါဒီနားဖါဘဲလုပ်နေကြတာ လမ်းကြေးတော့ ပုံမှန်ကောက်နေတာဘဲ”လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။
လမ်းပိုင်းပျက်စီးတာတွေနဲ့ပါတ်သတ်ပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ မြဝတီ ကုန်သွယ်မှုလမ်းကြောင်းပိတ်သွားတာကြောင့် တာချီလိတ်-တောင်ကြီးလမ်းကြောင်းကနေ ၁၀ ဘီး ၁၂ ဘီးကားတွေ အသွားများတာကြောင့်နဲ့ မိုးသည်းထန်စွာရွာပြီး လမ်းပြိုတာတွေကြောင့် လမ်းပျက်စီးတာလို့ ဒေသခံတွေဆီက သိရပါတယ်။
တာချီလိတ်-ကျိုင်းတုံ လမ်းပိုင်းတစ်လျောက် လမ်းအသုံးပြုခ ငွေကောက်ခံတဲ့ ဂိတ်ပေါင်း ၃ ဂိတ်က သော်တာဝင်းကုမ္ပဏီအမည်နဲ့ လမ်းကြေးကောက်ခံနေပေမယ့် ကန်ထရိုက်နှစ်သက်တမ်းကုန်ဆုံးသွားတာကြောင့် အကြီးစားပြန်လည်ပြုပြင်တာတွေ မလုပ်တော့ဘူးလို့သိရပါတယ်။
MK-002
#MeKongNews
#ခရီးသွား
#လမ်း
#ကျိုင်းတုံ
#တာချီလိတ်
#ရှမ်းအရှေ့








