မဲခေါင်၊ နိုဝင်ဘာ ၁၇
“ခွန်အားဖြည့်မိငယ်” နှင့် “သွေးသစ္စာ” သီချင်း နှစ်ပုဒ် တီးခတ်ဖျော်ဖြေခဲ့တဲ့ ဂစ်တာကို စစ်ဘေးသင့်ပြည်သူများအတွက် လေလံပစ်ခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ခံ ဆရာဝန်တစ်ဦးက ဒေါ်လာငါးထောင်(၅၀၀၀)နဲ့ လေလံအောင်အလှူငွေ ထည့်ဝင်ခဲ့ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာ ဆာဆာနဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစု တွေ့ဆုံပွဲမှာ ဂစ်တာကို လေလံတင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။
အဲ့ဒိတွေ့ဆုံပွဲကို မနေ့က( နိုဝင်ဘာ ၁၆) နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဖြစ်မြောက်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်အရ ဂစ်တာကို လေလံပစ်ခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ ဒေါက်တာဆာဆာက ပြည်တွင်းပြည်ပ အင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့သလို စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနဲ့ စစ်လက်နက်အကူပစ္စည်းများ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရရှိတဲ့ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ သုံးသောင်းကျော်ကို ဒေါက်တာဆာဆာမှတဆင့် စစ်ဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမယ်လို့ ဆိုပါတယ်။
#MekongNews
#ဂစ်တာလေလံ
#ဒေါ်လာ၅၀၀၀ ရရှိ
#ဒေါက်တာ ဆာဆာနဲ့
#တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစု
#တွေ့ဆုံ














