မဲခေါင်၊ နိုဝင်ဘာ-၉
မနေ့က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီရဲ့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ လေးဦး သေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့က(နိုဝင်ဘာလ ၈ ) နေ့လည် ၂ နာရီခွဲမှာ စစ်ကောင်စီတပ်က နိုးကိုးကျေးရွာနဲ့ သရက်ပင် ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့လို့ အခုလို သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၀ အရွယ်အမျိုးသား နှစ်ဦး၊ ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအင်အား ၅၀၀ ခန့် ပင်လောင်းဖက်ကနေ မိုးဗြဲ ၄၂၂ တပ်ထဲကို ဝင်ရောက်နေပြီး ဝါရီဆူးဖလိုင်နဲ့ မိုးဗြဲကုန်းသာဖက်ကိုလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။
“သူတို့ဖြတ်လာတဲ့လမ်းမှာတောင်ပြည်သူတွေ သတ်ခံရတာရှိတယ်။ ခုက တိုက်ပွဲမရှိဘဲ သူတို့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးရတာ” လို့ Jovs for Kayah က တာဝန်ခံတယောက်က ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကို ၄၂၂ တပ်ကနေ ပြုလုပ်နေပြီး ပတ်ဝန်းကျင်နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ကာ လွိုင်ကော် ပြည်သူ့လမ်းမတကြောကနေ လမ်းကြောင်းယူဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေကြောင့် ပြည်သူသေဆုံးတာတွေရှိနေပြီး မိုးဗြဲမြို့ပတ်လည်မှာ လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နိုင်တဲ့အတွက် ပြည်သူတွေ စစ်ရှောင်ကြဖို့ကိုလည်း တိုက်တွန်းတာတွေရှိနေပါတယ်။
CJ-004













