မဲခေါင်၊ နိုဝင်ဘာ ၈
ရှမ်းပြည်အရှေ့ပိုင်းမှာ နိုဝင်ဘာလ ၅ရက်နေ့ကတည်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာနေတာကြောင့် မြေပြိုပြီးကားလမ်းတွေ ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်တိုက်ရွာနေတဲ့မိုးကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန်မြို့ကနေ မိုင်းတုံမြို့ကို သွားတဲ့ကားလမ်းပေါ်က ငှက်ပျောတောနဲ့ဝမ်ထန်ကြားမှာ မြေပြိုကျမှုတွေ ဖြစ်နေပြီး ကားတွေသတိထားမောင်းဖို့ မိုင်းပန်ဒေသခံတစ်ဦးက သတိပေးပါတယ်။
“မြေသားတောင်နံရံတွေက နူးအိနေပြီ။ လမ်းတောက်လျှောက် မြေပြိုတာတွေများတယ်။ လမ်းသားတွေလဲ ဘေးဘက်ပဲ့ကျနေတာတွေရှိတယ်။ တံတားတွေလဲ သတိထားဖို့လိုတယ်” လို့ သူကပြောပါတယ်။
မိုင်းတုံနဲ့ တာဆန်း(သံလွင်မြစ်)ကြားမှာ မြေပြိုကျနေလို့ လမ်းပိတ်တာတွေရှိနေသလို မိုင်းပန်ဘက်အထွက် ဆုပ်ဟွေဘက်မှာလည်း မြေပြိုကျမှုတွေ များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းပန်နဲ့မိုင်းတုံကြား လမ်းတံတားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာရေဘေးအတွင်း မိုးများပြီး တောင်ပြို၊ မြေပြိုလို့ တစ်လခန့်ပြင်ဆင်ခဲ့ရပြီး အခုပြင်ဆင်ပြီးတာ ရက်အနည်းသာရှိသေးချိန်မှာ မိုးဆက်တိုက်ရွာနေလို့ ပျက်စီးမှုတွေ ပြန်ဖြစ်လာတာဖြစ်ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းက အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်တဲ့ တာချီလိတ်-မိုင်းဖြတ်-ကျိုင်းတုံလမ်းပိုင်းမှာတော့ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးတာ၊ မြေပြိုတာ မကြားရသေးသလို ရှမ်းအရှေ့နဲ့ ရှမ်းတောင်ဆက်သွယ်ရာမှာ အဓိကကျတဲ့ ကျိုင်းတုံ – မိုင်းပျဉ်း – တာကော် – ကွန်ဟိန်း – လွိုင်လင် – နမ့်စန် – တောင်ကြီးလမ်းပိုင်းမှာလည်း လမ်းပျက်စီးတာ၊ မြေပြိုတာမကြားဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
MK – 012













