မဲခေါင်၊ အောက်တိုဘာ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို လာမယ့် နွေရာသီကာလအတွင်း နေရပ်ပြန်ကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ထွေအုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့ (အောက်တိုဘာ ၃၀)ကတည်းက ညောင်ရွှေမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးရှောင်တွေရဲ့ အိမ်ထောင်စုစာရင်းကို စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ဝန်ထမ်းတွေက လိုက်လံကောက်ခံနေပြီး ပြန်ဖို့အတွက် မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
“ချက်ချင်းတော့ မဟုတ်ဘူး။ ကလေးတွေ ကျောင်းပိတ်တော့မှ ပြန်ပေါ့။ ဘယ်လိုလုပ်ရမလဲတော့ မသိသေးဘူး။ လွိုင်ကော်မှာလည်း ပြန်လာတိုက်မယ်လို့ ပြောထားတယ်လေ။ စစ်တပ်ဖက်ကလည်း ဗုံးကြဲဦးမှာပဲ။ ဒီမှာလည်း အခြေကျပြီဆိုတော့ ဟိုမှာ အသစ်ပြန်စရရင် အရမ်းခက်ခဲတယ်” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ညောင်ရွှေမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ဘုန်းကြီးကျောင်း၊ လူနေအိမ်တွေနဲ့ အင်းလေးဒေသတွင်း လူနေအိမ်အများစုတို့မှာ စစ်ဘေးရှောင်ဦးရေ ၁ သောင်းကျော် ခိုလှုံနေကြပြီး အများစုက လုပ်ငန်း အခြေကျပြီဖြစ်တာကြောင့် နေရပ်မပြန်ချင်ကြဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီဖက်ကလည်း သူတို့အနည်းငယ် စိုးမိုးထားနိုင်တဲ့ ဒေသတွေမှာ တည်ငြိမ်အေးချမ်းနေကြောင်း နိုင်ငံတကာကို ဝါဒဖြန့်လိုတာကြောင့် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေတာပဲ ဖြစ်ပါတယ်။
“ညောင်ရွှေမှာ ဆက်နေရင်တော့ သူတို့အတွက် စားရေး၊ သောက်ရေးက အဆင်ပြေတယ်လို့ ပြောလို့ရတာပေါ့။ ဘုန်းကြီးကျောင်းနားကပ်နေ ဝေယျာဝိစ္စလုပ်ရင်း ဆွမ်းကျန်လေးဘာလေး စားကြပေါ့ဗျာ။ UN တို့ဘာတို့လည်း လာလှူကြတယ်။ လွိုင်ကော်မှာကြတော့ အလှူရှင်တွေ ပိတ်ထားတယ်ဆိုတော့ သူတို့အတွက် ခက်ခဲမှာစိုးရိမ်ကြတာပါ။ လေကြောင်းလည်း ပါတာပေါ့” လို့ စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ညောင်ရွှေမြို့နယ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်းနဲ့ ၁၁၁၁ စစ်ဆင်ရေး ကာလတွေအတွင်း ကရင်နီပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့ကနေ တိမ်းရှောင်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်တို့က နေရပ်ပြန်လိုတဲ့ ကရင်နီ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက လမ်းစရိတ်ကျခံပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်လက်တွေ့ အခြေအနေမှာ တပ်မိသားစုဝင်တွေကသာ လမ်းစရိတ် ရရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ စစ်ဘေးရှောင်တစ်ဦးက ဝေမျှထားပါတယ်။
MK-014











