မဲခေါင်၊ အောက်တိုဘာ ၂၂
ကယား(ကရင်နီ)ပြည်မှာ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ မကြာခဏ ပျံဝဲနေတာကြောင့် စစ်ဘေးရှောင်စခန်းနဲ့ စာသင်ကျောင်းတွေ ပြောင်းရွှေ့ထားရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။
အောက်တိုဘာလအတွင်း လေကြောင်းအန္တရာယ် စိုးရိမ်နေရတာကြောင့် ရှမ်းတောင်အစပ်၊ ဖယ်ခုံနဲ့ ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်တို့က စာသင်ကျောင်း အများစု ပိတ်ထားရပြီး စာသင်ကျောင်းတချို့က လှိုင်ဂူအနီးတစ်ဝိုက် နေရာတွေမှာ စာသင်ကြားနေရတယ်လို့ ဆိုပါတယ်။
“ဒီနောက်ပိုင်း စစ်ကောင်စီဖက်က သုံးလာတဲ့ ပေါင် ၂၀၀ တို့၊ ၅၀၀ တို့ဆိုရင် ဘယ်ကျဉ်းမှ မခံနိုင်ဘူး။ ရာနှုန်းပြည့် မလုံခြုံဘူးပေါ့။ ရုတ်တရက်ဆိုရင်လည်း ပြေးမရ ပြုမရနဲ့ဆိုတော့ အဲလို စီစဉ် ဖြစ်သွားတာပေါ့။ နေရာတွေ စခန်းနာမည်တွေတော့ ကျနော်တို့လည်း လုံခြုံရေးအရ ပြောမရဘူး။ ဒီးမော့ဆိုမြို့နယ်ဆိုရင် လုံလောက်မယ် ထင်ပါတယ်” လို့ စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
အောက်တိုဘာလအတွင်း ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်မှာ လေကြောင်းတိုက်ခိုက်မှု မကြုံခဲ့ရပေမယ့် စစ်ကောင်စီဖက်က လေကြောင်းကနေ စစ်ကူနဲ့ ရိက္ခာပို့ဆောင်တာ၊ ကင်းထောက်လေယာဉ် နေ့စဉ်ပျံဝဲတာတွေကြောင့် စိုးရိမ်ကြောက်လန့်ပြီး နေရာပြောင်းရွှေ့ရတာလို့ သိရပါတယ်။
“သူတို့ ကင်းထောက်လေယာဉ် စလာပြီဆိုရင် မကြာဘူး၊ ခဏပဲ။ ပြီးရင်နောက်က လိုက်ကြဲပြီ။ တော်တော်ဝေးတဲ့ နေရာတွေတောင် အသံအကျယ်ကြီး ကြားနေရတယ်။ အခုနေရာပြောင်းလာတော့ အခက်အခဲတွေတော့ ရှိတာပေါ့။ လေယာဉ်သံဝေးသွားတော့ နည်းနည်း စိတ်သက်သာရာရတယ်” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း ၅ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာမှာ အသက် ၁၈ နှစ်အောက် ကျောင်းသား ၉ ဦးအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ တိတိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု မကြာခဏကြုံနေရတဲ့ ကရင်နီပြည်မှာ တော်လှန်ရေး အင်အားစုတွေဖက်က နေရပ်မပြန်လာကြသေးဖို့ တိုက်တွန်းထားပေမယ့် စစ်ကောင်စီက နယ်မြေတည်ငြိမ်အေးချမ်းကြောင်း ဝါဒဖြန့်နေပြီး လာရောက်နေထိုင်ကြဖို့ ဖိတ်ခေါ်နေပါတယ်။
MK-014








