မဲခေါင်၊ စက်တင်ဘာ ၂၃
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့မှာ ရေတက်နှုန်း နာရီနဲ့အမျှ ပြန်မြင့်တက်လာပြီး ရေစီးသန်လွန်းတာကြောင့် အရေးပေါ် ပြောင်းရွှေ့နေရပြီလို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့မတိုင်ခင်က ဘီလူးချောင်းရေ ဖောက်ချမှုကြောင့် ရေအနည်းငယ် ကျဆင်းသွားပေမယ့် အဲဒီနောက်ပိုင်းမှာတော့ မိုးရက်ဆက် ရွာသွန်းလာမှုတွေနဲ့အတူ ၂ ရက် တစ်ပေနှုန်းနဲ့ ရေထပ်တက်လာတာပါ။
“အင်းလေးက လာတဲ့ရေကို မိုးဗြဲရေကာတာမှာ လှောင်ပြီးတော့ ဒီးမော့ဆို၊ လွိုင်ကော်ဘက်ကို ဘီလူးချောင်းအတိုင်း စီးတာပေါ့။ အင်းထဲမှာ ရေတက်နေတော့ ဒီကမဖွင့်လည်း အဆင်မပြေဘူးလေ။ ဒီတိုင်းဆို ရေကျဖို့က တစ်လတောင် မလောက်နိုင်ဘူး” လို့ ရေဘေးသင့် လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။
တောင်ကြီးနဲ့ ကလောမြို့နယ်တို့ကနေ စီးဆင်းလာတဲ့ ရေတွေဟာ အင်းလေးကန်ထဲ ဝင်ရောက်လာပြီး အဲဒီကနေတဆင့် ဘီလူးချောင်းအတိုင်း စီးဆင်းတာကြောင့် ရေထပ်စီးဆင်းဖို့ မရှိတော့တဲ့ ကရင်နီဒေသမှာ ရေကျဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာ လွိုင်ကော်မြို့လယ်ခေါင်လမ်းအထိ ရေဝင်ရောက်နေပြီး လမ်းအခြေနေအရ ရေမမြုပ်သေးတဲ့ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ စတဲ့မြို့နယ်တွေနဲ့ လုံခြုံတဲ့ စစ်ဘေးရှောင်စခန်းတွေကို အရင်ဆုံးပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။
“ပင်လောင်း၊ တောင်ကြီးဘက်က သွားမရတော့ဘူး။ သွားရရင်လည်း အန္တရာယ် မကင်းဘူး။ ဝန်ကြီးချုပ်ကလည်း သူတို့ စစ်တပ်ဝင်းထဲပဲ ပတ်ဝေနေတာ။ KNDF ဘာညာကြောင့်ဆိုတာက သူတို့ အကြောင်းပြတာပါ။ အနောက်ခြမ်းဆို ဘာမှမရပါဘူး” လို့ လွိုင်ကော်မြို့ အနောက်ဘက်ခြမ်း ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်က မြို့နယ် ၃ ခုမှာ ရေဘေးကြောင့် လူ ၁၀၀ ကျော် (အလောင်းအရ) သေဆုံးခဲ့ပြီး ဖြစ်သလို စပါးခင်း ဧကသောင်းချီလည်း ပျက်စီးခဲ့ပြီး လူဦးရေ ၂ သိန်းနီးပါးခန့် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိရေတက်နှုန်းဟာ အရင်ပတ်တွေနဲ့ မတူဘဲ ရေစီးသန်လွန်းတာကြောင့် မယ်စဲ့ – ဖားဆောင်း တံတားဟာလည်း ကျိုးကျပျက်စီးနေပြီး လတ်တလောမှာ ကားတွေ ဖြတ်သန်းလို့ မရသေးတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ရေကြီးနေတဲ့ ကရင်နီ၊ ရှမ်းတောင် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်နေပြီး စက်တင်ဘာလ ၂၁ ရက်နေ့က ဖယ်ခုံမြို့နယ်၊ လအိကျေးရွာကို ပေါင်း ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း စစ်ဘေးရှောင် တစ်ဦးသေဆုံးကာ ၁၀ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
MK-014
















