မဲခေါင်၊ နိုင်၀င်ဘာ ၁
ကရင်နီပြည်နယ် အခြေစိုက်၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု-KRU နဲ့ လွိုင်ကော် မိုးကြိုးတပ်ရင်းတို့ ပူးပေါင်းပြီး Loikaw Local PDF တပ်ဖွဲ့အဖြစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြောင်းလဲ ဖွဲ့စည်းလိုက်တယ်လို့ တပ်ဖွဲ့ ဥက္ကဌ ကိုကျော်ထက်က ပြောပါတယ်။
KRU တပ်ပေါင်းစုမှာရှိတဲ့ Karenni Democratic Front-KDF တပ်ရင်း၊ Fight For Justice-JPDF တပ်ရင်းနဲ့ လွိုင်ကော် မိုးကြိုးတပ်ရင်း ၂ ရင်းတို့ ပူးပေါင်းပြီး ၄ ရင်း တစ်ဗျူဟာ စနစ်နဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီကို ဆက်လက် တော်လှန်သွားမယ်လို့ ဆိုပါတယ်။
“တပ်ပေါင်းစု သဘောသဘာဝက မတည်မြဲတဲ့ သဘောရှိတယ်။ COC (ကွပ်ကဲညွှန်ကြားမှု) တစ်ခု တည်ဆောက်ဖို့ ခဲယဥ်းတယ်။ အဲ့တော့ ခေါင်းဆောင်ပိုင်းတွေ ပြန်စဥ်းစားတယ်။ လွိုင်ကော် မိုးကြိုးတပ်ရင်း ဆိုတာလည်းရှိတော့ သူတို့နဲ့ ပေါင်းစပ်ပြီး အင်အားကြီးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်အောင် ဆောင်ရွက်မယ်ဆိုပြီး Loikaw Local PDF လို့ ဖွဲ့စည်းဖြစ်တယ်” လို့ ကိုကျော်ထက်က ပြောပါတယ်။
လက်ရှိ Loikaw Local PDF တပ်ဖွဲ့မှာ တပ်ရင်း တစ်ရင်းကို အင်အား ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး မိတ်ဖက် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
Loikaw Local PDF တပ်ဖွဲ့အနေနဲ့ ‘ပြည်သူသာ အမိ ပြည်သူသာ အဖ’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူကိုသာ မျက်နှာမူပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ အခြေခံ အခွင့်အရေး အတွက် တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။
KRU တပ်ပေါင်းစုကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်မှာတော့ တော်လှန်ရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ Loikaw Local PDF အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#KRU_တပ်ပေါင်းစု
#Loikaw_Local_PDF
#တော်လှန်ရေး











