မဲခေါင်၊ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ ဂုတ်တွင်းက စစ်တပ် မိသားစု၊ ရဲနဲ့ ဌာနဆိုင်ရာတွေဟာ အချုပ်ကျနေတဲ့ အချုပ်သားတွေ ခေါ်ပြီး ထွက်ပြေးသွားတယ်လို့ မြို့ခံနဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့ အောက်တိုဘာလ ၂၉ ရက်နေ့က ကျောက်ကြမ်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ဂုတ်တွင်း တံတားကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ် ဝင်ရောက် တိုက်ခိုက် ပြီးနောက် စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ထွက်ပြေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မြို့ထဲမှာ ဘယ်စစ်သား၊ ဘယ်ရဲ တစ်ကောင်မှ မတွေ့ဘူး။ မနေ့ တိုက်ပွဲအပြီးမှာ ပြေးတယ်။ ဘယ်ချိန် ထပြေးကြလဲ မသိဘူး။ ရဲစခန်းက အချုပ်သားတွေပါ ခေါ်သွားတာလေ” လို့ နောင်ချိုမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နဲ့ ၂ မိုင်ခန့် ကွာဝေးတဲ့ နောင်ချို-တောင်ကြီးလမ်းက လေကြောင်းရန် ကာကွယ်ရေး တပ်စခန်း အတွင်း အချုပ်သားတွေကို ချုပ်ထားတယ်လို့ မြို့ခံတွေက ယူဆနေပြီး စစ်တပ်နဲ့ ရဲ၊ ဌာနဆိုင်ရာတွေ ကတော့ နီးစပ်ရာ ဆွေမျိုးတွေထံ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
“သူတို့ပြေးတော့ အချုပ်သားတွေကို အဲဒီ ဒုံးတပ်က လွဲလို့ သူတို့ပို့စရာ နေရာမှ မရှိတာ။ အခုမြို့ထဲမှာ ဘာစစ်ကောင်စီမှ မရှိဘူး။ ဂုတ်တွင်းဘက်လည်း အသွားအလာ ဖြတ်လို့ မရသေးဘူး” လို့ နောက်ထပ် မြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
မနေ့က ဖြစ်ပွားတဲ့ ဂုတ်တွင်းတံတား တိုက်ပွဲအပြီး TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်က လမ်းဖြတ် သန်းသွားလာခွင့် လက်ရှိအချိန် အထိ ပိတ်ထားပြီး ကားလမ်းမကြီးဘေးက ဆိုင်အများအပြားလည်း ပိတ်ထားပါတယ်။
မနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကျောက်ကြမ်းကျေးရွာ အနီးရှိ (၁၁၄) တပ်နဲ့ (၁၁၅) တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောင်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး အပါအဝင် အလောင်း ၆ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိ ခဲ့ပါတယ်။
CJ-014
#MekongNews
#စစ်ဆင်ရေး_၁၀၂၇
#ညီနောင်မဟာမိတ်
#မိုင်းလီ_တပ်စခန်း








