မဲခေါင်၊ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ လာမယ့် အောက်တိုဘာလ အတွင်း ကျင်းပမယ့် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော် ပွဲတော် စည်ကားစေဖို့ စစ်ကောင်စီက ဖိအားပေး ခိုင်းစေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်တော်ဦး ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို COVID-19 ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာ ရပ်နားထားပြီးနောက် လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြန်လည် ကျင်းပဖို့ စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေ စည်းဝေး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေက တစ်ရွာကို ဆွဲလှေတစ်စီး မပါမနေရ အမိန့်ထုတ် ထားတဲ့အပြင် ဒေသစာရီ ကြွချီတဲ့ အချိန်မှာ အိမ်ရှိလူကုန် အပြင်ထွက် ဖူးမြော်ကြဖို့ တိုက်တွန်းထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး “သူတို့ Meeting (အစည်းအဝေး) လုပ်တုန်းက ရှေ့ဆုံးမှာ ထိုင်တဲ့ လူတွေသည် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရဲ၊ စရဖ၊ ဆည်မြောင်း ပေါ့နော်။ တကယ်တမ်း အင်းသားရိုးရာပွဲ အစစ်အမှန် ဆိုလို့ရှိရင် ဌာနဆိုင်ရာ လူကြီးတွေက တကယ့်ပွဲနေ့ရောက်မှ လူထု ဖိတ်ကြားလို့ လာရတယ် ဆိုတာမျိုး ဖြစ်သင့်တာ။ အခုတော့ ဒါရှင်းရှင်းလေးပဲ စစ်ကောင်စီကနေ ဖိအားပေးပြီးတော့ သူတို့ ဦးစီးတဲ့ပွဲ ဖြစ်နေပြီ။ ဒါက လုံးဝ အင်းသားရိုးရာပွဲ မဟုတ်ဘူး။ ဒါကို ကျမတို့ လူမျိုးတွေက မမြင်တတ်တာလေ” လို့ Justice Movement for Community-Innlay အဖွဲ့အစည်း တည်ထောင်သူ ဒေါ်ယုလှိုင်သင်း ကပြောပါတယ်။
လက်ရှိ ကာလ အင်းလေးဒေသနေ ပြည်သူတွေ အနေနဲ့ ဝင်ငွေနည်းပါး ကြပ်တည်းနေလို့ ပွဲတော် စည်ကားဖို့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ငွေကြေး အပိုကုန်ကျမှု များလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသတွင်း မူးယစ်ဆေး၀ါး ဖြန့်ချိ ရောင်းချမှုတွေ များပြားလာတာကြောင့် ပွဲတော် နောက်ကွယ် မူးယစ်ဆေးဝါး ရောင်းချမှု ပိုဆိုးလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်-IPDF ပြန်ကြားရေး တာဝန်ခံက “ဘာသာရေးပွဲ ဖြစ်နေတဲ့အတွက် ကျနော်တို့မှာ ဟန့်တားခွင့် မရှိဘူးပေါ့။ ဒါပေမယ့် ဒီလို အကျယ်တဝင့် မလုပ်ဘူးဆိုတဲ့ အနေအထားကို မြင်တွေ့စေချင်တယ်ပေါ့။ ပြီးတော့ တခြား ဒေသမှာ လုပ်နေပြီးတော့ ငါတို့ဆီမှာ မလုပ်ရဘူးလား ပြောနေတဲ့ သူတွေက စစ်ကောင်စီ ဒေါက်တိုင်တွေ ပိုများတယ်ပေါ့နော်။ ပွဲမဖြစ်တာကြာလို့ ဖြစ်ချင်တယ်ဆိုတဲ့ ဟာကလည်း တကယ်တမ်း တော်လှန်ရေး စိတ်ရှိတဲ့သူတွေ၊ ရဲဘော်တွေက ဘယ်တော့မှ မပြောပါဘူး။ တချို့ ရွာတွေဆိုရင် မပါဝင်ချင်ကြဘူး။ တဖက်မှာလည်း တော်လှန်ရေး ရဲဘော်တွေကို အားနာတယ်ပေါ့။ ဒါပေမဲ့ စစ်ကောင်စီ တွေသည် အုပ်ကြီးတွေကနေ တစ်ဆင့် မသွားမနေရ ဒီလိုမျိုး ဖိအားတွေပေးတယ် ဆိုတော့ သူတို့မှာလည်း ဘေးကြပ်နံကြပ် ဖြစ်တယ်။ ဒီပွဲဟာ တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိလောက်ဘူးလို့ မြင်တယ်” လို့ ဝေဖန် ပြောဆိုပါတယ်။
ဖောင်တော်ဦး ဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို အောက်တိုဘာ ၁၅ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်) မှာ ဖောင်တော်ဦး ဘုရားကနေ အင်းလေးဒေသထဲက ၂၁ ဌာနကို စတင်ကြွချီမှာဖြစ်ပြီး ၁၇ ရက် အကြာ နိုဝင်ဘာလ ၁ ရက်နေ့ (သီတင်းကျွတ် လဆုတ် ၃ ရက်) မှာ ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည် ဆိုက်ရောက်မှာ ဖြစ်တယ်လို့ ဂေါပက အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
CJ-007
#MekongNews
#အင်းလေး
#ဖောင်တော်ဦး_ဘုရားပွဲ
#အင်းလေး_PDF








