မဲခေါင်၊ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် တောင်ပိုင်းမှာ မှတ်ပုံတင် စမတ်ကတ် ပြုလုပ်ဖို့ လဝက က စာရင်းတွေ စတင် ကောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ဒုတိယပတ်ကစပြီး တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့တို့မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ကနဦး စာရင်း ကောက်ခဲ့တာဖြစ်ပြီး ဟိုပုံးမြို့မှာတော့ ရပ်ကွက်ထဲနဲ့ အထက်တန်းကျောင်းတွေမှာလည်း လဝက ဝန်ထမ်းတွေ ကွင်းဆင်းပြီး စာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တောင်ကြီးမှာတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စာရင်းကောက်ပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့က အ.ထ.က (၁) ကျောင်းမှာ G-12 ကနေစပြီး စမတ်ကတ်လုပ်မယ့် စာရင်း ကောက်နေတာ ဖြစ်ကာ ရပ်ကွက်တွေထဲမှာ စာရင်း လိုက်ကောက်တာတော့ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
“တစ်ရက်ကို အယောက် ၁၀၀ လောက်ပဲ ပြီးတယ်တဲ့။ သူတို့ ဖြည့်ခိုင်းတဲ့ စာရွက်နဲ့ မှတ်ပုံတင် မိတ္တူဆွဲထားတဲ့ စာရွက် ပြန်ပေးလာတယ်။ စမတ်ကတ်ရရင် ဒီစာရွက်ပြပြီး ပြန်ထုတ်ရမှာတဲ့။ ကျောင်းသားတွေကို လုပ်ပေးတာ ဆိုတော့ မှတ်ပုံတင် မရှိသေးသူတွေကိုလည်း လုပ်ပေးမယ် ထင်တယ်။ သေချာတော့ မသိဘူး” လို့ တောင်ကြီးမြို့ခံ ကျောင်းသားမိဘ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဟိုပုံးမြို့မှာတော့ တစ်ရက်ကို တစ်ရပ်ကွက်နှုန်း လိုက်လုပ်ပေးနေတာဖြစ်ပြီး မှတ်ပုံတင် ရှိပြီးသူတွေသာ လုပ်ကြတယ်လို့ သိရပါတယ်။ အဲဒီ မှတ်ပုံတင် စမတ်ကတ် ဘယ်တော့ရမယ် ဆိုတာကိုတော့ လဝက ဝန်ထမ်းတွေလည်း မသိကြဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
မှတ်ပုံတင် စမတ်ကတ် (ဒီဂျစ်တယ် မှတ်ပုံတင်စနစ်) ကို စစ်ကောင်စီက ဗီယက်နမ်နဲ့ တရုတ် အကူအညီယူပြီး ဇူလိုင်လဆန်းပိုင်းကတည်းက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီစမတ်ကတ်မှာ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ ဘဏ်အကောင့်၊ ကိုယ်ရေးအချက်အလက်၊ ဆွေမျိုးစဉ်ဆက်၊ နေရပ်လိပ်စာအပြင် မျက်လုံးစကန်ဖတ်တာတွေ၊ လက်ဗွေ စကန်ဖတ်တာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပြည်တွင်းမှာ တော်လှန်နေသူတွေကို ဖိနှိပ်ဖို့ ဒီစနစ်ကို အလျင်အမြန် အကောင်အထည် ဖော်နေတာလို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။
ဓာတ်ပုံ-တောင်ကြီးနွေဦးချန်နယ်။
CJ-001
#MeKongNews
#စမတ်ကတ်
#မှတ်ပုံတင်
#ရှမ်းတောင်
#တောင်ကြီး
#ဟိုပုံး








