မဲခေါင်၊ ဩဂုတ် ၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်ဂိတ်ကနေ တရုတ်ဘက် ဝင်ထွက်ဖို့ ကွတ်ခိုင် အိမ်ထောင်စု ရှိသူတွေ တရုတ် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် အနီ လျှောက်လို့ရပြီလို့ ၂ နိုင်ငံ နယ်စပ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ကွတ်ခိုင်မြို့မှာ နေထိုင်သူတွေ အနေနဲ့ ရပ်ကွက် အုပ်ချုပ်မှူး ထောက်ခံစာ၊ ကွတ်ခိုင်ခရိုင် လဝက ဦးစီးမှူး လက်မှတ်နဲ့ ထောက်ခံချက်၊ မှတ်ပုံတင် မူရင်း၊ အိမ်ထောင်စု မူရင်းတွေနဲ့ မူဆယ်ခရိုင်ကို စာတင်ပြီး မူဆယ်ခရိုင် လဝက ဦးစီးမှူးရဲ့ အတည်ပြုချက် ရယူပြီးမှ မူဆယ်ခရိုင် လဝက ရုံးမှာ တရုတ် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် ထုတ်ယူလို့ ရတယ်လို့ ၂ နိုင်ငံ နယ်စပ် ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးက ရှင်းပြပါတယ်။
“ရပြီ။ ၃ ပတ်လောက်ရှိပြီ။ မူဆယ်ခရိုင်မှူးရဲ့ အတည်ပြုချက် ယူပြီးမှ ခရိုင် လဝက မှာ စာအုပ် ထုတ်လို့ ရတယ်” လို့ သူကပြောပါတယ်။
မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူးကတော့ ကွတ်ခိုင် အိမ်ထောင်စု ကိုင်ဆောင်သူတွေ တရုတ်နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် လုပ်လို့ ရပြီလို့ ကြားပေမယ့် အတိအကျ မသိကြောင်းနဲ့ စာအုပ်လုပ်ရင် ပွဲစားနဲ့ မလုပ်သင့်ကြောင်း ပြောပါတယ်။
ကွတ်ခိုင်မြို့ အိမ်ထောင်စု စာရင်း ရှိသူတွေ အနေနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ကို သွားရောက် အလုပ်လုပ်ကိုင်ခြင်းမှ အပ ဆွေမျိုးတွေဆီ အလည် သွားရောက်လိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ ကွတ်ခိုင် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့် ထောက်ခံချက် ရယူကာ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး သွားရောက်နိုင်ကြောင်း သက်ဆိုင်ရာဌာနရဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းအရ သိရပါတယ်။
တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် အနီနဲ့ တရုတ်ဘက်မှာ အလုပ်လုပ်ကိုင်ဖို့ ခွင့်မပြုထားပေမယ့် ၂ နိုင်ငံ နားလည်မှုအရ တရုတ်နယ်စပ်ဘက် နေထိုင်ခွင့် စာအုပ်၊ ကျန်းမာရေး ထောက်ခံချက်စာအုပ်၊ အလုပ်လုပ်ခွင့် စာအုပ်တွေ ပြန်လည် လျှောက်ထားပြီး နေထိုင် အလုပ်လုပ်ကြတယ်လို့ ရွှေလီရောက် မြန်မာတွေက ပြောပါတယ်။
Photo: CJ-008
CJ-008
#MeKongNews
#ကွက်ခိုင်
#တရုတ်နယ်စပ်
#စာအုပ်အနီ








