တာချီလိတ်တွင် မူးယစ်ဆေးရောင်းသူနောက် ငွေလိုက်တောင်းသည့် ရဲ ၃ဦး အသတ်ခံရပြီး ၃ဦး ပြင်းထန်ဒဏ်ရာရ
မဲခေါင်၊ မတ် ၃၁
တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးရောင်းချသူတစ်ဦးနောက်ကို ငွေလိုက်တောင်းသည့် မူးယစ်ရဲများထဲမှ ၃ဦး အသတ်ခံရပြီး ၃ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၂၈ရက် ညပိုင်းတွင် မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဆမ်ဖူးကျေးရွာတွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူတစ်ဦး နောက်ကို မူးယစ်ရဲများက ငွေလိုက်လံတောင်းခံကြခြင်းဖြစ်ပြီး မူးယစ်ဆေးရောင်းသူက ငွေလိုက်ယူဟုဆိုကာ ၎င်းနေထိုင်ရာဘက်သို့ ခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အခုဖြစ်တဲ့နယ်က အရင် နော်ခမ်းနယ်တွေ။ ကြမ်းတယ်။ မဲခေါင်မြစ်ကမ်းနဖူးကရွာတွေ” ဟု ၎င်းကပြောသည်။
ငွေလိုက်တောင်းသည့် ရဲအရေအတွက်ကို အတိအကျမသိရသော်လည်း ၃ ဦးသေဆုံးကာ ၃ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသနေရကြောင်း သိရသည်။
မိုင်းဖုန်း (က) ကျေးရွာအုပ်စုအတွင်းရှိ မဲခေါင်မြစ်ကမ်းနားဖူး နေရာများမှာ ယခင်က မူးယစ်ရာဇာ နော်ခမ်းကျင်လည်ကျက်စားခဲ့သည့် နေရာများဖြစ်ပြီး ၂၀၀၉ ခုနှစ်အတွင်းကလည်း ရဲ ၉ဦးကို နော်ခမ်းက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇော်မြင့်
#MeKongNews








