ငလျင်လှုပ်ခတ်မှု ထိုင်းနှင့် မြန်မာနိုင်ငံနေရာအနှံ့တွင် ခံစားရ
မဲခေါင်၊ မတ် ၂၈
ယနေ့ မတ်လ ၂၈ရက် နေ့လည်ပိုင်း မြန်မာစံတော်ချိန် ၁၂နာရီ ၅၂မိနစ်ခန့် (ထိုင်းစံတော်ချိန် ၁နာရီ ၂၂ မိနစ်ခန့်) တွင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ဒဏ်ကို ထိုင်နိုင်ငံနေရာအနှံ့အပြားနှင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားမှ သိသာစွာ ခံစားခဲ့ရကြောင်း မဲခေါင်သတင်းက စုံစမ်းသိရသည်။
ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ မယ်ဆိုင်မြို့၊ ချင်းရိုင်မြို့၊ မဲဆောက်မြို့၊ ဘန်ကောက်မြို့အပါအဝင် နေရာအနှံ့အပြား၌ သိသာစွာ ခံစားခဲ့ရသလို လူအများအပြား အဆောက်အဦးအပြင်သို့ ထွက်ပြေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင်လည်း ရှမ်းအရှေ့ရှိ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့များအပါအဝင် ရှမ်းပြည်တခွင်လုံး၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ နေပြည်တော် စသည့် မြို့များအထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိတိုက်အမြင့်များတွင် ရေကန်များမှ ရေလျှံကျမှုများရှိခဲ့ပြီး စစ်ကိုင်းတံတားလည်း ကျိုးသွားကြောင်း လူမှုကွန်ယက်တွင် တက်လာသည့် ရုပ်သံများအရသိရသည်။
ရှမ်းပြည်တွင် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် အိုးအိမ်တိုက်တာ ပြိုကျမှုများရှိသလို နေပြည်တော်တွင်လည်း ပြိုကျပျက်စီးမှုအချို့ရှိကြောင်း ကနဦးသိရသည်။ မန္တလေးမြို့တွင်လည်း ပြိုကျပျက်စီးမှုများရှိသည်။
ဘန်ကောက်မြို့တွင်လည်း ပြိုကျပျက်စီးမှုများရှိကြောင်း သိရသည်။
#MeKongNews









