CDM သူနာပြုဆရာမ နှိပ်စက်ခံရမှု စစ်ရေးချုပ်ရုံး စစ်ဆေးနေဟုဆို
မဲခေါင်၊ မတ် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်တွင် ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည့် CDM သူနာပြု မယဉ်မွန်အောင်ကို တပ်ရင်းမှူးနှင့်တပ်ရေးဗိုလ်က နှိပ်စက်ခဲ့မှုအပေါ် MOD စစ်ရေးချုပ်ရုံးက စစ်ဆေးနေကြောင်း သိရသည်။
“အခုလောလောဆယ်တော့ အဲဒီအမှုကိစ္စကို MOD စစ်ရေးချုပ်ရုံးက စစ်ဆေးနေတယ်လို့သိရပါတယ်ဗျ။ အဲ့လောက်ပဲသိထားပါသေးတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောသည်။
CDM သူနာပြုတဖြစ်လဲ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ မှ ဆေးမှူးရဲဘော် မယဉ်မွန်အောင်ကို တပ်ရင်းမှူး ဦးဆောင်ကာ အကြမ်းဖက် နှိပ်စက်ရိုက်နှက်မှုများ ပြုလုပ်သည့်အပေါ် “ရှိ/Shield” အမျိုးသမီးအဖွဲ့က NUG ထံ မတ်လ ၂၆ရက်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲခြင်းဖြစ်သည်။
မတ်လဒုတိယပတ်ထဲတွင် ဝန်ကြီးဌာန၏နှုတ်မိန့်ဟုဆိုကာ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ မှ တပ်ရင်းမှူး ဒေါက်တာလုံးလုံးဆိုသူက CDM သူနာပြုမယဉ်မွန်အောင်ကို ထိန်းသိမ်းခဲ့ပြီး မတ်လ ၁၈ ရက်နေ့တွင် အတင်းအဓမ္မခေါ်ဆောင်ကာ တပ်ရေးဗိုလ် ဦးဆောင်ပြီး အကြမ်းဖက်မှုရိုက်နှက်ခဲ့ကြောင်း၊ ရိုက်နှက်စဉ်အတွင်း “ပြည်သူ့စစ်သား”ဟု အော်ခိုင်းခဲ့ကြောင်း ပေးစာတွင်ဖော်ပြသည်။
“နစ်နာသူကို (တပ်ရင်းမှူးဦးဆောင်သည့်နှိပ်စက်သည့်သူများမှ) လာရောက်ခေါ်ဆောင်တဲ့အချိန်မှာ နစ်နာသူက စာရွက်စာတမ်းပြပါ အမိန့်ဆိုရင် အမိန့်စာရွက်ပြပါဆိုတဲ့အချိန်မှာ နှုတ်မိန့်ပေးတယ်ဆိုတဲ့ဟာ တစ်ခုတည်းနဲ့ ခေါ်ယူအပြစ်ပေးတာပါ” ဟု “ရှိ/Shield” အမျိုးသမီးအဖွဲ့ ဒုတိယဥက္ကဌက မဲခေါင်ကိုပြောသည်။
နစ်နာသူ CDM သူနာပြုမယဉ်မွန်အောင်သည် ဆေးမှူးဖြစ်သည့်အားလျော်စွာ ဆေးကုသမှုခံယူသူများအား ရံဖန်ရံခါ နှုတ်ဖြင့်အော်ရုံလောက်မှလွဲရင် ယခုကဲ့သို့ ပြစ်ဒဏ်ပေးသင့်သည့် ပြစ်မှုမျိုး ကျူးလွန်ဖူးခြင်းမရှိသော အမျိုးသမီးဖြစ်ကြောင်း အလုပ်တွဲဖက်လုပ်ကိုင်ဖူးသူတစ်ဦးက မဲခေါင်ကို ပြောသည်။
“ဆရာမက နည်းနည်းလေးအပြောဆိုးတာရှိပေမယ့် ကြီးကြီးမားမားရိုက်နှက်စရာပြစ်မှုမရှိပါဘူး”ဟု ၎င်းကဆိုသည်။
ပြစ်မှုကျူးလွန်ရန်စေခိုင်းသူ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ မှ တပ်ရင်းမှူး ဒေါက်တာလုံးလုံးသည် ယခင် ၂၀၂၄ ခုနှစ်တွင်လည်း သင်တန်းချိန်တွင် စာသင်ခန်းပြင်ပ၌ ဖုန်းပြောသည့်ရဲမေတစ်ဦးအား ပါးရိုက်ဆုံးမခြင်းများရှိခဲ့ကြောင်း ဖြစ်စဉ်အစအဆုံးသိရှိသူ ရဲဘော်တစ်ဦးက မဲခေါင်ကိုပြောသည်။
CDM သူနာပြု မယဉ်မွန်အောင်ကို တပ်ရေးဗိုလ်မှ ရိုက်နှက်အပြီးတွင်လည်း သတိလစ်သည်အထိ နာရီပေါင်းများစွာပြစ်ဒဏ်ပေးခဲ့ပြီး ယောက်ျားများနှင့်အတူ ၃ ရက်ကြာသည်အထိ ခြောက်ပေါက်(ထိပ်တုံး)ခတ် အပြစ်ပေးခဲ့သည်ဟု “ရှိ/Shield” အဖွဲ့၏ ပေးစာတွင်ဖော်ပြသည်။
စတင်ဖမ်းဆီးချိန်မှစ၍ လွတ်မြောက်လာသည်အထိ ဖုန်း၊ မှတ်ပုံတင်နှင့် အခြားသောစာရွက်စာတမ်းအားလုံး တပ်ရင်းမှသိမ်းဆည်းခဲ့ပြီး မိဘများနှင့် ဆက်သွယ်ခွင့်ပါ ပိတ်ပင်ခံခဲ့ရကြောင်း သိရသည်။
“ဝန်ကြီးဌာနအနေဖြင့် ဒီလိုလုပ်ခွင့်(နှုတ်မိန့်ပေးခြင်း) မရှိပါဘူး။ တကယ်နှုတ်မိန့် ပေးခဲ့၊ မပေးခဲ့ကတော့ စစ်ဆေးပြီးမှ သိရမှာဖြစ်ပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောသည်။
လက်ရှိအချိန်တွင် နစ်နာသူ CDM သူနာပြုမယဉ်မွန်အောင်အား ဒေသတွင်းမှ အကာအကွယ်ပေးသူတစ်ဦးမှ ခေါ်ဆောင်ခဲ့ပြီး ကိုယ်တွင်းဒဏ်ရာများအား ကုသဆဲဖြစ်ကာ စိတ်ပိုင်းဆိုင်ရာထိခိုက်သောအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း “ရှိ/Shield” အမျိုးသမီးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ယခင်နှစ် ၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့တွင် ယခုပြစ်မှုကျူးလွန်ရန်စေခိုင်းသူ ဒေါက်တာလုံးလုံးမှ ဦးဆောင်ကာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ စစ်ဒေသ (၁)၊ အမှတ် (၅၁၅)တပ်ရင်းမှ ထွက်ခွာခဲ့ပြီး ကျောက်ဆည်စစ်ကြောင်းကိုထူထောင်ခဲ့ကာ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ အဖြစ် အဆင့်ဆင့်ထူထောင်ခဲ့ခြင်းဖြစ်သည်။
ဂနိုက်
#MeKongNews








