တာချီလိတ်တွင် ရပ်ကွက်ထောက်ပံ့ကြေးဟုဆိုကာ အိမ်ပိုင် ဘတ် ၁၀၀၀၊ အိမ်ငှား ဘတ် ၃၀၀ အိမ်ပေါက်စေ့ ကောက်ခံ
မဲခေါင်၊ မတ် ၂၈
တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲပြုလုပ်ပြီးနောက် ‘ရပ်ကွက်ထောက်ပံ့ကြေး’ ဟု ဆိုကာ နေအိမ်တိုင်း မထည့်မနေရ လိုက်လံကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။
‘ရပ်ကွက်ထောက်ပံ့ကြေး’ ခေါင်းစဉ်ဖြင့် စစ်မှုထမ်းဥပဒေပြဌာန်းပြီးကတည်းက ကောက်ခံခြင်းဖြစ်သော်လည်း ယခင်က အလှည့်ကျစနစ်ဖြင့် စီးပွားရေးအဆင်ပြေသည့် အိမ်ထောင်စုများကိုသာ ကောက်ခံခြင်းဖြစ်ကြောင်း၊ ယခု ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသစ်ပြောင်းပြီးနောက်ပိုင်း အိမ်တိုင်း မထည့်မနေရ စနစ်ဖြင့် အိမ်ပေါက်စေ့ ကောက်ခံခြင်းဖြစ်ကြောင်း ဆန်ဆိုင်း (ခ) ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“အရင်ကဆို လမ်းထဲမှာ စီးပွားရေးပြေလည်တဲ့သူ၊ ပေးနိုင်တဲ့သူလောက်ပဲကောက်တာ။ အခုက စီးပွားရေးမပြေလည်တဲ့သူပါ ကောက်တာ” ဟု ၎င်းကပြောသည်။
‘ရပ်ကွက်ထောက်ပံ့ကြေး’ အနေဖြင့် ကိုယ်ပိုင်အိမ်ဖြင့်နေပါက တစ်လလျှင် ဘတ် ၁၀၀၀ (ကျပ် ၁သိန်း ၃သောင်းခန့်)၊ အိမ်ငှားဖြင့် နေပါက တစ်လလျှင် ဘတ် ၃၀၀ (ကျပ် ၄သောင်းခန့်) ကောက်ခံကြောင်း၊ တာချီလိတ်မြို့ပေါ် ရပ်ကွက် ၁၁ ခုရှိသည့်ထဲတွင် အားလုံးနီးပါး ယင်းနှုန်းဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့နယ်နမိတ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပြီးခဲ့သည့် လပိုင်းအတွင်း အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲပြုလုပ်ထားပြီး ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူများ၊ အများပြည်သူလက်မခံသူများ ပါဝင်နေသည့် အတွက် ဝေဖန်မှုများလည်းရှိနေသည်။
ထိုသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အပြောင်းအလဲပြုလုပ်ပြီးနောက် ‘ရပ်ကွက်ထောက်ပံ့ကြေး’ ကောက်ခံမှုမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း မယ်ခေါင်ရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောသည်။
“အခုက လူသစ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းလူသစ်ဆိုတော့ အိမ်ပေါက်စေ့ကောက်တယ်။ ရပ်ရွာအခြေအနေကို သေချာနားမလည်ဘူး။ သူတို့ရဖို့ပဲသိတဲ့ပုံစံဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ကောက်ခံရရှိသည့်အထဲမှ ရာခိုင်နှုန်းအချို့ကို မြို့နယ်ထွေအုပ်အတွက် ခွဲတမ်းပေးရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တာချီလိတ်မြို့ဧရိယာအတွင်း လူဦးရေ ၁သိန်းခွဲကျော်နေထိုင်ပြီး အိမ်ထောင်စုပေါင်း ၃သောင်းခန့် ရှိမည်ဟု လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
#MeKongNews








