တိုက်ပွဲတွင်းကျဆုံးသည့် အင်းလေး PDF ၂ဦး စျာပနပြုလုပ်
မဲခေါင်၊ မတ် ၂၇
ရှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ၊ မိုးဗြဲမြို့ရှိ တိုက်ပွဲတခုတွင် ကျဆုံးခဲ့သည့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – IPDF ၏ တပ်ဖွဲ့ဝင် ၂ဦး စျာပနအခမ်းအနားကို မတ်လ ၂၅ ရက်နေ့က ရှမ်း-ကရင်နီ နယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း IPDF က ထုတ်ပြန်သည်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ ဒုတပ်ခွဲမှူး ရဲဘော်ဝေယံနိုင်း (ခ) ဘကြီးနှင့် ဒုတပ်စိပ်မှူး ရဲဘော်လင်းထက်ပိုင် (ခ) ဇော်ပိုင် တို့သည် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း IPDF ထံမှ သိရသည်။
“ရဲဘော် ဘကြီးက တပ်ဖွဲ့စတင်တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့တဲ့ ရဲဘော်ပါ။ ဒဏ်ရာကြီးကြီး ၂ခါရဖူးထားတဲ့ ရဲဘော်ပါ။ ဒီတစ်ကြိမ် ၃ကြိမ်မြောက်မှာကျတော့ အသက်ပါပေးလိုက်ရတာ။ ရဲဘော်ဇော်ပိုင်လဲ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်တာ ၁နှစ်ကျော်ရှိပါပြီ။ ဒဏ်ရာကြီးကြီး တစ်ခါရဖူးပြီးသား ရဲဘော်ပေါ့။ ဒီဒုတိယတစ်ကြိမ်မြောက်မှာကျ အသက်ပေးလိုက်ရတာပေါ့” ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း-၁၀၀၉ မှ ပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်ကိုပြောသည်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ် – IPDF (၁၀၀၉ တပ်ရင်း) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှမ်းတောင်စစ်ဒေသအဖြစ် စစ်ရေးလှုပ်ရှားနေသည်။
ယခုရက်ပိုင်းအတွင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် စစ်ရေးလှုပ်ရှားနယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုမိုများပြားလာသည့်အတွက် ဆက်သွယ်မှုတားဆီးကိရိယာ(Jumper)များ လိုအပ်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဂနိုက်
#MeKongNews









