အမိန့်ပေးကွပ်ကဲမှု တိုက်ရိုက်မသက်ရောက်သော်လည်း ပျားစစ်ကြောင်းကိစ္စ NUG ကိုင်တွယ်ဖြေရှင်းမည်ဟုဆို
မဲခေါင်၊ မတ် ၂၇
ဖယ်ခုံမြို့နယ်အတွင်း ဦးဇင်းတစ်ပါးနှင့် ဒကာတစ်ဦးတို့အား ပျားစစ်ကြောင်းမှ သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး NUG မှ ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မဲခေါင်ကို ပြောသည်။
ပျားစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှု (Chain of Commend) အောက်တွင်ရှိသော တပ်ဖွဲ့မဟုတ်သည့်အတွက် ခက်ခဲမှုများရှိနိုင်သော်လည်း ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
“NUG ကတော့ တစ်နိုင်ငံလုံးရဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် အခုလိုမျိုးလက်နက်အားကိုးပြီးတော့ မဟုတ်မမှန်အရပ်သားပစ်မှတ်တွေကို ပစ်ခတ်သတ်ဖြတ်တာတော့ ကျနော်တို့လဲ မူအရကိုခွင့်မပြုထားပါဘူး။ ကျနော်တို့တွေဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့တော့ တာဝန်ရှိတယ်။ ကိုင်တွယ်ဖြေရှင်းမှုလည်း လုပ်မှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။
မတ်လ ၄ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အုတ်တိုင်းရွာရှိ ရွှေဓမ္မရောင်ခြည်ရှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ (ခ) ဦးဇင်းပိန်နှင့် တပည့်ဒကာဖြစ်သူ ကိုစိုင်းပီးတို့အား ပျားစစ်ကြောင်းက ကျောင်းအတွင်းအထိ ဝင်ရောက်ကာ ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဓမ္မသာရသည် စစ်ကောင်စီကို သတင်းပေးပို့မှုများ ပြုလုပ်နေကြောင်း၊ စစ်ဘေးရှောင်များအား ဖယ်ခုံမြို့သို့ ပြန်နေရန် လိုက်လံစည်းရုံးနေကြောင်း၊ ဖုန်းကို စစ်ဆေးရာတွင်လည်း စစ်ကောင်စီထောက်တိုင်များနှင့် ပြောဆိုမှုမှတ်တမ်းများစွာရှိနေကြောင်း ပြောဆိုချက်များအား ပစ်ခတ်မှုအပြီး ၅ ရက်ခန့်အကြာ မတ်လ ၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ် – PK-Police မှ ထုတ်ပြန်ထားသည်။
ယခုလ ၂၃ ရက်နေ့တွင် ဦးဓမ္မသာရနှင့် တပည့်တကာတို့အား ပျားစစ်ကြောင်းမှသတ်ဖြတ်ခဲ့သည့်အပေါ် ရှမ်းပြည်အတွင်းရှိ အရပ်ဖက်အဖွဲ့ ၁၇ ဖွဲ့မှ ပျားစစ်ကြောင်းအား အရေးယူနိုင်ရေးနှင့် အမှုကိစ္စပြီးသည်အထိ လက်နက်များအား ထိန်းသိမ်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒေသအာဏာပိုင်အဖွဲ့များထံ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။
ပျားစစ်ကြောင်းမှ အရပ်သားပစ်မှတ်အား တိုက်ခိုက်သတ်ဖြတ်ခြင်းအပေါ် တရားမျှတမှုကိုသာ အလိုရှိကြောင်း သျှမ်းကျောင်းသားများသမဂ္ဂ ပြောခွင့်ရ မယိင်းမွေလျန်းက မဲခေါင်ကိုပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ဖယ်ခုံမြို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) PK Police မှ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာနေ ပြည်သူများကို ပျားစစ်ကြောင်း၏ လုပ်ရပ်မှန်ကန်ကြောင်း ထောက်ခံချက်လက်မှတ်များကို အဓမ္မကောက်ယူနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် မဲခေါင်သတင်းဌာနအနေဖြင့် ယင်းအချက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
#MeKongNews








