ဟိုပုံး၌ စစ်တပ်မြေနှင့်ထိစပ်နေသည့် ဧက ၅၆၀ ကျော်ပေါ်ရှိ နေအိမ် ၂၀၀ကျော်ကို ဖယ်ရှားမိန့်ထုတ်
မဲခေါင်၊ မတ် ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီစစ်တပ်နှင့် ထိစပ်နေသည့် မြေဧက ၅၆၀ကျော်ပေါ်ရှိ နေအိမ် ၂၀၀ကျော်ကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေဟု သတ်မှတ်ပြီး ဖယ်ရှားရန်အတွက် မြို့နယ်ထွေအုပ်က မတ်လ၂၅ရက်နေ့ ရက်စွဲဖြင့် အမိန့်စာပေးပို့လာကြောင်း ဒေသခံများထံမှ သိရသည်။
စာတွင် ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းအနီးမှ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ ၅၆၁ ဒသမ၇၅ဧကပေါ်တွင် အမိန့်မရရှိဘဲ တရားမဝင် လူနေအိမ် ဆောက်လုပ်ခြင်း၊ မြေကွက်ဖော်ထုတ်ပြီး အဆောက်အဦ ဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကျောက်တိုင်စိုက်ထူခြင်းများကို စိစစ်တွေ့ရှိရသည့်အတွက် ယင်းမြေပေါ်၌ နေထိုင်ခြင်းခွင့်မပြုဘဲ ထွက်ခွာသွားရမည့်အပြင် ယင်းမြေပေါ်က နိုင်ငံပိုင်ပစ္စည်းမှတပါး အခြားအရပ်ရပ်ပစ္စည်းများကိုလည်း အမိန့်စာထုတ်ပြန်သည့်နေ့မှ ၁၅ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရန် အကြောင်းကြားလာသည်ဟု စာလက်ခံရရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“အိမ်၂၀၀ ကျော်ရှိတယ်၊ မဖယ်ရင် စက်တွေနဲ့ဖယ်မယ်ပြောတယ်၊ နေတာ ၁၀နှစ်ကျော်ပြီ၊ အစားထိုးလည်းမပေးဘူး”ဟု ၎င်းကပြောသည်။
ယင်းစာအမိန့်အတိုင်း လိုက်နာရန်ပျက်ကွက်ပါက ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေတို့အရ အရေးယူခံရမည်ဟု စာထဲ၌ပါရှိသည်။
ယင်းမြေဧရိယာ၏ အရှေ့ဘက်နှင့် မြောက်တွင် စစ်ကောင်စီ၏ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံလေ့ကျင့်ရေးကျောင်းမြေများနှင့် ထိစပ်နေကာ တောင်ဘက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးများ ရှိနေသည့်အတွက် ကပ်လျက်မြေကို လုံခြုံရေးအရ အဓမ္မဖယ်ရှားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်သည်။ အနောက်ဘက်တွင်မူ မိုင်းပျဥ်း-ဟိုပုံးသွားကားလမ်းနှင့်ထိစပ်နေကြောင်း သိရသည်။
မဟာ
#MeKongNews








