မိုင်းပေါက်တွင် ဝက်ဝံကိုက်ခံရပြီး ၇ နှစ်အရွယ် ကလေးငယ် သေဆုံး
မဲခေါင်၊ မတ် ၂၅
UWSA ထိန်းချုပ်သည့် “ဝ” ဒေသ ၊ မိုင်းပေါက်မြို့တွင် အသက်၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဝက်ဝံကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးငယ်မှာ မတ်လ ၂၂ ရက်နေ့က ကိုက်ခံရခြင်းဖြစ်ပြီး ကလေးဖြစ်သူက မွေးထားသည့် ဝက်ဝံကို အစာသွားကျွေးစဥ် ဝက်ဝံက ကလေးရဲ့လက်ကို ဆွဲကိုက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝက်ဝံ ကိုက်ခံရသည့်အတွက် ကလေးငယ်၏ ညာဘက်လက်မောင်းထိ ပြတ်ထွက်သွားခဲ့ပြီး မိုင်းပေါက်ဆေးရုံကို ပို့ခဲ့ပေးသော်လည်းဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“ဝက်ဝံဆိုတာ တောရိုင်းသတ္တဝါပါ။ ဘယ်လောက်ပဲယဥ်တယ်ပြောပေမယ့် စိတ်ရိုင်းဝင်တဲ့အချိန် ရန်ပြုတတ်တဲ့သဘာဝရှိတာဖြစ်လို့ အန္တရာယ်ကြီးပါတယ်”ဟု တိရိစ္ဆာန်ကုသရေး ဆရာဝန်တစ်ဦးကပြောသည်။
၂၀၂၂ခုနှစ် ဧပြီလအတွင်းကလည်း တောင်ငူမြို့တွင် ဝက်ဝံများမွေးမြူထားသည့် ဦးအောင်ဆိုသူမှာ ၎င်း၏ဝက်ဝံများ ကိုက်ဖြတ်ရန်ပြုခြင်းကို ခံရပြီး သေဆုံးသွားသည်။
မိုင်းပေါက်မှ ဝက်ဝံမှာ လှောင်အိမ်ဖြင့် မွေးမြူထားခြင်းဖြစ်ပြီး ယင်းဝက်ဝံကို မည်သို့ ဆက်လက်ဆောင် ရွက်မည်ကိုမူ မသိရသေးပေ။
#MeKongNews








