ကလောတွင် စစ်ကောင်စီ ဒုဗိုလ်မှူးကြီးကတော် လေးကောင်ဂျင်ဝိုင်း ဖွင့်လှစ်ထား
မဲခေါင်၊ မတ် ၇
ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ နတ်တော်တွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦး၏မိန်းမမှာ လေးကောင်ဂျင်ဝိုင်းဖွင့်လှစ်ထားပြီး သိန်းရာချီအလျော်အစားဖြင့် လောင်းကစားပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းလောင်းကစားဝိုင်းမှာ ဟဲဟိုးမြို့၊ အင်းခေါင်းရပ်မှပြောင်းရွှေ့လာသည့် ကစားဝိုင်းဖြစ်ပြီး တောင်ကြီးနှင့် လွိုင်ကော်မှ ဒိုင်များလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဒိုင်ချုပ် ဦးကုလားသမီးက စစ်တပ်က ဗိုလ်မှူး နဲ့ရထားတာ။ အင်းခေါင်း၁၁၇က၊ ခုတော့ ဒုဗိုလ်မှူးကြီး။ အဲဒီစစ်တပ်အရှိန်ရယ်၊ လိုင်းကြေးတွေလည်း အကုန်သိန်းဆယ်ချီပေးထားတော့ ဘယ်သူမှ မဖမ်းတော့ဘူး။ ကားတွေနဲ့လာကစားကြတာ” ဟု ၎င်းကပြောသည်။
ငွေရ၍မဖမ်းသည့် လောင်းကစားဝိုင်းများရှိသလို ရဲများ၊ အာဏာပိုင်များနှင့် အဆင်မပြေ၍ ဖမ်းသည့် လောင်းကစားဝိုင်းများရှိကြောင်း၊ မကြာခင်က ဖမ်းဆီးသည့် ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းမှ ဘော်ဆိုင်း၊ သဲကုန်းရွာ ပိုက်ကျူးဝိုင်းမှ ဖမ်းမိသည့် ကားများကို ငွေဖြင့်ပြန်ရွေးယူရာတွင် သိန်း၄၀ အထိ ပေးရွေးနေရပြီးကား ၃၊ ၄စီးရှိကြောင်း ဒေသခံများကပြောသည်။
“ဖမ်းတဲ့နေ့က ကားတွေ မောင်းပြေးတာ တိုက်မိလို့ ပေါင်ကျိုးတဲ့သူတောင်ရှိတယ်။ အောင်ပန်းဆိုပေမယ့် ကလောခရိုင်ရဲအုပ်စိုးသန်းက အဓိကလှုပ်ရှားနေတာပါ။ လောင်းကစားဝိုင်းကတော့ သတင်းတွေတက်လာရင် ခဏပဲရပ်ပြီးနေရာပြောင်းလုပ်နေကြတာပဲ။ ရာဇဝတ်မှုတွေ မှိုလိုပေါက်နေတာ၊ ဆိုင်ကယ်ဆို နေ့ခင်းကြောင်တောင် တစ်ရက်တစ်စီးလောက် ပျောက်နေတာဖမ်းမိတယ်ကို မရှိတော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
မတ်လ၃ ရက် နံနက်ခင်းပိုင်းတွင် စျေးလာဝယ်သည့် Alpha ဆိုင်ကယ်တစ်စီး ပြင်စာဘုန်းကြီးကျောင်းရှေ့ ရပ်ထားရာမှ ခိုးယူခံရကြောင်း သိရသည်။
ကလောခရိုင်တွင် အောင်ပန်းနှင့် ဟဲဟိုးမြို့များပါဝင်ရာ ဒေသ၏ သိန်းထောင်ချီလောင်းကစားဝိုင်းများ ကျင်းပရာမြို့များအဖြစ် သတင်းများတွင် မကြာခဏ ပါရှိခဲ့ပြီး ဖမ်းဆီးရမိသည့် အမှုများနောက်တွင်လည်း ငွေနှင့်ပေးရွေးရသည့် လာဘ်ပေးလာဘ်ယူမသမာမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
#MeKongNews








