လွယ်အွန့်ကျေးရွာရှိ ပြည်သူ့စစ်အတွက် လူမရသည့်အိမ်များကို PNO သော့ပိတ်ထား
မဲခေါင်၊ မတ် ၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်က လွယ်အွန့်ကျေးရွာတွင် PNO မှ ပြည်သူ့စစ်အတွက် လူမရ၍ အိမ်အချို့ကို သော့ခတ်ပိတ်ထားပြီး ရွာအဝင်အထွက်ကိုလည်း ပိတ်ဆို့ထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် – PNO ဟာ ကျေးရွာအတွင်းရှိ နေအိမ်တိုင်းမှ စစ်သားစုဆောင်းနေပြီး ရွာမှာမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အခြားဒေသရောက်နေသူများကို စစ်ထဲမဝင်ပါက ကျေးရွာတွင် ကျန်နေသည့်မိဘများ၏ အိမ်ကိုမီးရှို့ပြီး ရွာမှနေမောင်းထုတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
“ရွာသူကြီးနဲ့ လူကြီးတွေကို PNOက အစည်းအဝေးခေါ်ပြီး အိမ်ထောင်စုနဲ့လဝကစာရင်းက လွယ်အွန်ကျေးရွာကနေ တခြားနေရာကိုရောက်နေတဲ့သူတွေ နယ်ဝေးရောက်နေတဲ့သူတွေ အကုန်လုံးကို နာမည်စာရင်းပါရင်ပြန်ခေါ်တာပါ။ မိသားစုလိုက် မရှိတော့တဲ့အိမ်သုံးအိမ်လည်း သော့ပိတ်ခတ်လိုက်တယ်” ဟု ၎င်းက မဲခေါင်ကို ယနေ့ မတ်လ၆ရက်တွင် ပြောသည်။
ယင်းအပြင် ရွာအဝင်အထွက်ကိုပါ မသွားရ၊ မလာရ ဆိုကာ ထိန်းချုပ်ထားသဖြင့် ရွာသားများ လယ်ယာ၊ စိုက်ခင်းများသို့ သွားရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
ယင်းလွယ်အွန့်ရွာသည် PNO အတွက် ထောက်ပံ့ငွေ ကျပ်သိန်းရာချီထည့်ဝင်ခဲ့ရသည့်အပြင် ရွာမှအမျိုးသား အချို့လည်း PNO ၏ ရှေ့တန်းတွင် ပို့ခံထားရကာ ရွာတွင်စစ်မှုထမ်းနိုင်သည့် လူမရှိတော့သည့်အတွက် ရန်ရှာနေခြင်းဖြစ်သည်ဟု ကျေးရွာနှင့်နီးစပ်သူ ဟိုပုံးမြို့ခံတစ်ဦးက ပြောသည်။
“တစ်ပတ်လောက်ရှိပြီ။ ဆေးရုံ၊ ဆေးခန်းသွားဖို့တောင် ခွင့်တောင်းနေရတယ်။ ရွာပတ်လည် မိုင်းထောင်မယ်လို့လည်း ခြိမ်းခြောက်ထားလို့ ရွာပြင်မထွက်ရဲကြဘူး” ဟု ၎င်းက ပြောသည်။
လွယ်အွန့်ကျေးရွာမှာ ဟိုပုံးမြို့၏ အနောက်ဘက် ၃မိုင်ခန့်သာကွာဝေးပြီး PNO ပြည်သူ့စစ်များ အဓိကအခြေပြုလှုပ်ရှား နေကြောင်း သိရသည်။
မဟာ
#MeKongNews








