မိုင်းဆတ်တွင် အထက်တန်းကျောင်းသား၏ ဆိုင်ကယ်ကို ဝန်ထမ်းအယောင်ဆောင် လုယက်
မဲခေါင်၊ မတ် ၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ပေါ်တွင် ဝန်ထမ်းအယောင်ဆောင်ပြီး ကျောင်းသားလူငယ်တစ်ဦးထံမှ ဆိုင်ကယ် လုပြေးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ရက်နေ့ ည ၈နာရီကျော်ခန့်တွင် ယခင် ရွှေမဟာ Quarantine Center အကျော် ပတ်လမ်း၌ လုယက်ခံရခြင်းဖြစ်ပြီး လုယက်ခံရသည့်ဆိုင်ကယ်မှာ 2024 Honda Wave-i ဖြူနီစပ်ကြားအရောင်ရှိ ဆိုင်ကယ်ဖြစ်ကြောင်း၊ ဆိုင်ကယ်စီးလာသည့် ကျောင်းသားလူငယ်ထံမှ လူ ၂ဦးက ဝန်ထမ်းအယောင်ဆောင်ကာ စစ်ဆေးမည်ဟု တားဆီးပြီး လုယက်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
“သူတို့ ကျောင်းသားတွေ လမ်းခွဲပြီးအိမ်ပြန်လာတာ။ အဲဒီကျောင်းသားက ခဏဆိုင်ကယ်ရပ်ပြီး သေးပေါက်တာမှာ လူ ၂ယောက် ရောက်လာပြီးတာဝန်အရ စစ်ဆေးမယ်ဆိုပြီး သော့တောင်းလို့ပေးလိုက်တယ်ပြောတယ်။ အဲဒီမှာ ခဏဆိုင်ကယ်ထိုင်ခုံတွေ ဘာတွေလှန်ကြည့်ပြီးမှ ဆေးရုံလမ်းဆုံဘက်မောင်းပြေးတာတဲ့၊ လက်နက်တွေ ဘာတွေမပါဘူးလို့တော့ သိရတယ်” ဟု ၎င်းကပြောသည်။
ဆိုင်ကယ်လုပြေးသူများမှာ တစ်ဦးမှာ ဝဝ၊ တစ်ဦးမှာ ပိန်ပိန်အရပ်ရှည်သူဖြစ်ပြီး ဗမာစကားပြောကြောင်း သိရသည်။
ဆိုင်ကယ်အလုခံရသူ ကျောင်းသားလူငယ်မှာ မိုင်းဆတ်အထက်တန်းကျောင်း Grade 10 မှဖြစ်ပြီး မယ်ဆွမ်မြောက်ရပ်ကွက်တွင် နေသူတစ်ဦး ဖြစ်ကြောင်းသိရသည်။
လက်ရှိမိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် KTV များကြောင့် ဒေသခံများ အထူးသဖြင့် ကျောင်းသားလူငယ်၊ အမျိုးသမီးငယ်များ ပျက်စီးမည်ကို မိဘမိသားစုများက စိုးရိမ်ကြောင့်ကြနေရသည့် အခြေအနေရှိနေသည့်ကြားမှ ယခုလို တာဝန်ရှိသူယောင်ဆောင်သည့် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မဟာ
#MeKongNews









