ရှမ်းပြည်အရှေ့ပိုင်းတွင် သိန်း ၁၅၀၀ ခန့် မူးယစ်ဆေးဝါးများ ဖမ်းမိ
မဲခေါင်၊ မတ် ၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နှင့် ကျိုင်းတုံမြို့တို့တွင် မတ်လ ၁ ရက် တရက်တည်းတွင် ကျပ်သိန်း ၁၄၅၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးသည်။
မတ်လ ၁ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းတွင် နိုင်ကိုဦးဆိုသူမောင်းနှင်သည့် ဆိုင်ကယ်ပေါ်၌ မနန်းကူဆိုသူနှင့်အတူ ငွေကျပ်သိန်း ၁,၃၂၀တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၁.၂ ကီလိုအား ဖမ်းဆီးရမိသည်။
အလားတူ မတ်လ ၁ ရက် ညပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျလောဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ငွေကျပ် ၁၃၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း အလေးချိန် ၂၇ ကီလိုအားဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းအသီးသီးတွင်ဖမ်းဆီးထားပြီး စိတ်ကိုပြောင်းလဲစေသောဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူများကို ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဆက်တိုက်ဆိုသလိုဖမ်းဆီးခဲ့သော်လည်း ထုတ်လုပ်သူများအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်မည့်မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့မှ အဓိကထွက်ရှိနေပြီး ထုတ်လုပ်သူများအား စစ်ကောင်စီတပ်ဘက်ရော တော်လှန်ရေးတပ်များကပါ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ လအတွင်း ရှမ်းပြည်နယ်အတွင်း ကာလငွေကျပ်တန်ဖိုး ၁၁၂ ဒဿမ ၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးအစုံအား စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
ဂနိုက်
#MeKongNews
ဓာတ်ပုံ-CCDAC MYANMAR ဖမ်းဆီးရမိသူများနှင့်ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ









