ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးပေါင်းကာ ထိုင်းမူးယစ်ရာဇာတွေကို လစဉ်ကြေးကောက်ပြီး အကာအကွယ်ပေးထား
မဲခေါင် ၊ မတ်လ ၃
တာချီလိတ်မြို့နယ်၊ ဟွေခိုက်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် မြင့်အောင်နှင့် ဆေခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးပေါင်းပြီး ထိုင်းနိုင်ငံသား မူးယစ်ရာဇာများကို လစဉ်ကြေးကောက်ကာ အကာအကွယ်ပေးပြီး ၄င်းတို့ ကိုယ်ပိုင်လိုင်းခန်း၌ ထားရှိထားကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသည်။
ဟွေခိုက်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် မြင့်အောင်သည် တာချီလိတ်မြို့ပေါ်ရှိ မူးယစ်ဆေးဝါးရောင်းသူနှင့် တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများကို ပြည်သူ့စစ်စာရင်းထဲထည့်ပေးပြီး ကဒ်ထုတ်ပေးကာ လစဉ်ကြေးကောက်သည့်အပြင် ထိုင်းနိုင်ငံသား တရားခံပြေး မူးယစ်ရာဇာများကိုလည်း ဟောင်လိတ်ရပ်ကွက်အတွင်းရှိ ၎င်းကိုယ်ပိုင် အိမ်ခန်းငှါးလိုင်းခန်းတွင် လစဉ်ကြေးကောက်ကာ အကာအကွယ်ပေး နေထိုင်ခိုင်းထားခြင်း ဖြစ်သည်။
“ဆေးခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းကျောက်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် မြင့်အောင် နှစ်ယောက်ပေါင်းပြီး ဟောင်လိတ်ထဲက ထိုင်းမူးယစ်ရာဇာတွေဆီက လစဉ်ကြေးကောက်ပြီး အကာအကွယ်ပေးထားတာ ဖမ်းဆီးရေးရှိတယ်ဆိုရင် ရှောင်ဖို့သူဘဲပြောတာ၊ နောက်ပြီး သူ့အဖွဲ့ထဲကို ဝင်ချင်ရင် တစ်ယောက်ကို ဘတ် ၅ သောင်းတောင်းပြီး ပြည်သူ့စစ်ကဒ်တွေလုပ်ပေးထားတာလဲရှိတယ် သေနတ်တော့ ကိုယ့်ဟာကိုဝယ်ကိုင်ခိုင်းတာ”လို့ ဆေခမ်းရပ်ကွက်အတွင်းနေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။
ရပ်ကွက်ဥက္ကဌနှင့် ပြည်သူ့စစ်ခေါင်းဆောင်သည် ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းရန် ခိုး၊ ဆိုး၊ နှိုက်များကို ဖမ်းဆီးခြင်းမပြုလုပ်သည့်အပြင် လောင်းကစားဝိုင်းနှင့် ငါးပစ်ခုံ၊ မူးယစ်ဆေးဝါးရောင်းချတဲ့နေရာများ၊ ဘိန်းစာရွက်အရည်ရောင်းချသည့် ဆိုင်များကို လစဉ်ကြေး ဘတ် ၅ ထောင်မှ ဘတ် တစ်သောင်းအထိ လိုက်လံကောက်ယူပြီး တရားမဝင် နေထိုင်နေသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားများကိုလဲ ငွေကြေးရယူကာ အကာအကွယ်ပေးထားကြောင်းသိရသည်။
လက်ရှိ တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည့် တရုတ်နိုင်ငံသားနှင့် အွန်လိုင်းလောင်းကစားလုပ်သည့် ထိုင်းနိုင်ငံသားများကို တာချီလိတ်စစ်ဗျူဟာက နေ့စဉ်နီးပါး လိုက်လံဖမ်းဆီးနေသော်လည်း ပြည်သူ့စစ်နှင့် ရပ်ကွက်ဥက္ကဌပူးပေါင်းပြီး ဖမ်းဆီးရေးရှိပါက သတင်းကြိုတင်ပေးပြီး ရှောင်တိမ်းနေစေကာ အကာအကွယ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်တွင် အွန်လိုင်းလောင်းကစားဖွင့်လှစ်သည့် လုပ်ငန်းနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ဟောင်လိတ်၏ရပ်ကွက်အတွင်း အများဆုံးတည်ရှိနေပြီး ပြီးခဲ့ရက်ပိုင်းက ရွှေဘန်းအောင်ဟိုတယ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းနှင့်မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိသည့် တရုတ် ၁၄ ဦးသည်လည်း ဟောင်လိတ်ရပ်ကွက်အတွင်း၌ တည်ရှိနေခြင်းဖြစ်ကာ ယခုလက်ရှိတွင် ဟိုတယ်ကို ယာယီချိတ်ပိတ်ထားကြောင်းသိရသည်။
#MeKongNews








