ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများ၌ ဗုံးခိုကျင်းများ ဆောက်လုပ်ထားမှုကို ဖယ်ခုံ ပလဖမှ ကြည့်ရှုအကြံပေးခဲ့
မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၇
ကရင်နီပြည်နှင့် ရှမ်းပြည်နယ်စပ်ရှိ ဖယ်ခုံမြို့နယ်၊ ကျေးရွာများ၌ ဗုံးခိုကျင်းများ တည်ဆောက်လုပ်ထားခြင်းကို ဒေသခံများ၏တောင်းဆိုချက်အရ ယခုလ ၂၆ ရက်တွင် ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့- ပလဖ က သွားရောက်ကြည့်ရှု့ကာ အကြံပေးခဲ့သည်။
အခိုင်ခံ့ဆုံးသော ဗုံးခိုကျင်းတစ်ခုဖြစ်ဖို့ ကျပ်သိန်းဆယ်ချီ ကုန်ကျမှုရှိမည်ဖြစ်သော်လည်း ဒေသခံများအနေဖြင့် ငွေကြေးအဆင်ပြေသည့် အနေအထားဖြင့်သာ အကောင်းဆုံးတည်ဆောက်ထားသည်ကို တွေ့ရှိရသည်ဟု ဖယ်ခုံ ပလဖ တာဝန်ခံက ပြောသည်။
သူက “ အတတ်နိုင်ဆုံးဆိုတာလောက် ကြိုးစား လုပ်ဆောင်နေတာ တွေ့ရတာပေါ့” ဟုပြောသည်။
ဗုံးခိုကျင်းတစ်ခုဆောက်လုပ်ရာတွင် ကျင်းအနက် ၁၀ ပေနှုန်းတူးပြီး ထွက်ပေါက်နှင့် ဝင်ပေါက်ကို တိုက်ရိုက်မဖြစ်စေဘဲ ထောင့်ချိုးပုံစံ တူးပါက ဗုံးစထိမှန်ခြင်းကိုကာကွယ်နိုင်သည်။
ကြီးမားသော သစ်သားတန်းများသုံးပြီး ကျင်းပေါ် ဖုံးအုပ်ကာ သစ်သားတန်းပေါ်တွင် သဲအိတ်များကို နေရာလပ်မချန်ပဲ နှစ်ထပ်တင်ရသည်။ နှစ်ထပ်တင်ပြီးနောက် ဘေးပတ်လည်ကို သဲအိတ်ထပ်တင်ကာ အလယ်တွင် သဲများကို နေရာလပ်မကျန်အောင် ဖြည့်ပြီး သစ်သားတန်းထပ်တင်ရမည်။ ပြီးနောက် ခြောက်သွေ့သော မြေကြီးကို ထပ်မံအုပ်ရမည်ဖြစ်သည်။
စစ်ကောင်စီက ပြည်သူလူထုရှိရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်သဖြင့် ဗုံးခိုကျင်းများ အခိုင်အမာတည်ဆောက်ရန်လိုအပ်သည်။
တည်ဆောက်ထားပြီးသော ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာများကိုလည်း ခိုင်ခံ့မှုရှိမရှိ၊ စိတ်ချရမှုရှိ မရှိ စစ်ဆေးရန်လိုအပ်ပါက ဖယ်ခုံ ပလဖကို အကြံဉာဏ်တောင်းနိုင်သည်ဟုဆိုသည်။
စစ်ကောင်စီက ပြည်သူ့နေအိမ်များကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူများ ဗုံးခိုကျင်းတူးကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒေသဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက အသိပေးတိုက်တွန်းထားကြသည်။
မြူနှင်း
#MeKongNews









